
မြန်မာနှစ်သစ် အထိမ်းအမှတ်အနေနဲ့ စစ်အာဏာရှင်သမ္မတက နိုင်ငံတဝန်း အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၄,၃၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ ဧပြီ ၁၇ ရက်မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်စေရန်အတွက်လည်းကောင်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ အကျဉ်းသား၊ အကျဉ်းသူ ၄,၃၃၅ ယောက်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးလိုက်တာလို့ ဆိုပါတယ်။
နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ကျန်တဲ့ ပြစ်ဒဏ်တွေကို ဆက်လက်ကျခံပါမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
အလားတူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုပြီးလည်းကောင်း နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၇၉ ယောက်ကိုလည်း ပြစ်ဒဏ်တွေကို လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပေးရာမှာ သေဒဏ်ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တသက် ပြစ်ဒဏ်သို့ ပြောင်းလဲကျခံစေဖို့၊ ထောင်ဒဏ်တသက်နဲ့ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ သို့ လျှော့ပေါ့ကျခံစေဖို့လည်း ပါဝင်ပါတယ်။
အရင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်တွေအရ သေဒဏ်မှ ထောင်ဒဏ်တသက်သို့ ပြောင်းလဲထားသူတွေကတော့ မပါဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ထောင်ဒဏ် နှစ် ၄၀ အထက် ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၄၀ သို့ ပြောင်းလဲ ကျခံစေဖို့၊ ထောင်ဒဏ်နှစ် ၄၀ နဲ့အောက် ကျခံနေရသူတွေကိုတော့ ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံ လျှော့ပေါ့ကျခံစေမယ်လို့ အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းကတည်းက လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသား ၂၂၁၇၀ ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။










