
ကချင်ပြည်နယ်၊ ရွှေကူမြို့ကိုသွားမဲ့ စစ်အာဏာရှင်တပ်တွေဟာ ရှမ်းပြည်မြောက်ပိုင်း ငို့စင်ကျေးရွာနားကို နီးကပ်လာပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်နဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။
ရွှေကူမြို့က စစ်တပ်စစ်ကြောင်းနဲ့ ချိတ်ဆက်ဖို့ မန္တလေးကနေ တက်လာတဲ့ မဘိမ်းမြို့ ငါးအိုးကျေးရွာ အခြေစိုက် ခလရ ၁၂၁ တပ်ရင်းက အင်အား ၇၀၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ ငို့စင်ရွာအထိ ရောက်လာပြီး ဆိုပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်ကြောင်းက ရှမ်းပြည်မြောက်ပိုင်း ငို့စင်ကျေးရွာနားကို နီးကပ်လာတယ်။ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်နေကြတယ်။ အိမ်တချို့တော့ လက်နက်ကြီး ထိမှန်တာတွေ ရှိတယ်။ အရပ်သားထိခိုက်တာတော့ မရှိဘူးဗျ” လို့ DVB ကို ပြောပါတယ်။
ခတ်ခုံကျေးရွာ၊ မန်နားကျေးရွာ၊ ငို့စင်ကျေးရွာ၊ စီဖွားကျေးရွာ၊ မန်ကင်ကျေးရွာတွေက ဒေသခံတွေ စစ်ရှောင်နေကြရသလို အဲဒီရွာတွေကိုကျော်ရင် ကချင်ပြည်နယ်ထဲကို ရောက်လာမှာ ဖြစ်ပါတယ်။
“ငို့စင်ရွာကျော်ရင် စီဖွားရွာ၊ စီးဖွားရွာကျော်ရင် မန်ကင်ကျေးရွာ၊ မန်ကင်ကျေးရွာဟာ ရှမ်းပြည်မြောက်ပိုင်းဆုံးပြီ” လို့ ဆက်ပြောပါတယ်။
ငို့စင်ကျေးရွာနဲ့ စီဖွားကျေးရွာက ဗျူဟာလမ်းပေါ်ကရွာတွေ မဟုတ်ပေမဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ ငါးအိုး ၁၀၄ မိုင်၊ ငါးအိုး-မဘိမ်းလမ်းခွဲ သုံးခွ ၁၀၉ မိုင်၊ ခတ်ခုံ၊ မန်နားကျေးရွာတွေဟာ ဗျူဟာလမ်းပေါ်မှာ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ဟာ တရုတ်ထုတ် ဒရုန်းတွေကို အလွန်အကျွံ အသုံးပြုနေတာဖြစ်ပြီး ရွာတွေထဲကိုလည်း ဒရုန်းနဲ့ ဗုံးကြဲခံရတာတွေ ရှိနေပါတယ်။










