
ဂရိနိုင်ငံသား မုန့်ဖုတ်လုပ်ငန်းရှင် မီခါလစ် ဇူရီဒါကစ်ဟာ အမြင့် ၈ မီတာ၊ အလေးချိန် ကီလိုဂရမ် ၆၀၀ ရှိတဲ့ ဧရာမ ခရိတန်တယောကြီးကို ဖန်တီးခဲ့ပါတယ်။
ဒီတယောကြီးနဲ့ ကမ္ဘာ့အကြီးဆုံး ခရိတန်တယောအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ဖို့ လျှောက်ထားပြီး ဖြစ်ပါတယ်။
မူလသစ်သားတယောတွေထက် ပိုမိုခိုင်ခံ့ ပေါ့ပါးစေဖို့ လှေတည်ဆောက်ရာမှာ သုံးတဲ့ ပိုလီအက်စတာကို အသုံးပြုပြီး အချိန် ၆ လကြာ ဖန်တီးခဲ့တာပါ။
အစဉ်အလာ တူရိယာအပေါ် မြတ်နိုးဂုဏ်ယူမှုကို ပြသဖို့ အခုလိုဖန်တီးခဲ့တာဖြစ်ပြီး “ခရိတန်တယောဟာ ခရီတေကျွန်းရဲ့ အစနဲ့အဆုံးဖြစ်တယ်” လို့ ဇူရီဒါကစ်က ဆိုပါတယ်။
ဒီတယောကြီးကို ပြီးခဲ့တဲ့ မေလက ဂရိမြောက်ပိုင်း ဆာရက်စ်မြို့မှာ တည်ဆောက်ပြီးစီးခဲ့တာပါ။ အဲဒီနောက် ကုန်တင်ကား၊ ကူးတို့သင်္ဘောတွေနဲ့ ခက်ခက်ခဲခဲ သယ်ယူခဲ့ရပြီး သူ့ရဲ့မွေးရပ်မြေ ပစ်စီဒီယာကျေးရွာကို ပို့ဆောင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီတယောကြီးကို နိုင်ငံတွင်းနဲ့ ပြည်ပကနေပါ လာရောက်ကြည့်ရှုသူတွေ များပြားနေပါတယ်။
Source: Reuters











