
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် မာယန်မြောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်က ဇာတိမြေမှာ ZXMOTO မော်တော်ဆိုင်ကယ်ကုမ္ပဏီကို တည်ထောင်သူ ကျန်းရွှေက ပြုပြင်မွမ်းမံထားတဲ့ မော်တော်ဆိုင်ကယ်တစီးကို သုံးပြီး ရေပြင်ပေါ်မှာ ၄၀ ဒသမ ၇၄ ကီလိုမီတာအထိ မောင်းရင်း အောက်တိုဘာ ၂၅ ရက်က ဂင်းနစ် ကမ္ဘာ့စံချိန်တခုကို တင်နိုင်ခဲ့ပါတယ်။
အထူးပြုပြင်မွမ်းမံထားတဲ့ ZXMOTO MX450 မော်တော်ဆိုင်ကယ်ကို စီးရင်း မြစ်ရေပြင်ပေါ်မှာ အသွားအပြန် အကြိမ်ကြိမ်မောင်းနှင်ရင်း ပြုပြင်မွမ်းမံထားတဲ့ မော်တော်ဆိုင်ကယ်တစီးနဲ့ ရေပြင်ပေါ်မှာ ခရီးအဝေးဆုံး မောင်းနိုင်တဲ့စံချိန်ကို ရယူခဲ့တာပါ။
ဒီအောင်မြင်မှုက ၂၀၀၉ ခုနှစ်ကတည်းက စခဲ့တဲ့ ကြိုးပမ်းအားထုတ်မှု တရပ်ရဲ့ အထွတ်အထိပ်လည်း ဖြစ်ပါတယ်။
အဲဒီအချိန်က ကျန်းဟာ ရိုးရိုးရှင်းရှင်း ပြုပြင်မွမ်းမံထားတဲ့ မော်တော်ဆိုင်ကယ်တစီးနဲ့ ရေပေါ်မှာ မောင်းဖို့ ပထမဆုံးအကြိမ် ကြိုးပမ်းခဲ့ဖူးပါတယ်။
အဲဒီအချိန်က သူဟာ ရေထဲကို လေးကြိမ်တိုင်တိုင် ပြုတ်ကျခဲ့ပြီး မီတာ ၂၀ အကွာအဝေးအထိသာ မောင်းနှင်နိုင်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က ကြိုးပမ်းချက်အတွက် MX450 ဆိုင်ကယ်မှာ ရေပေါ်သွားနိုင်မဲ့ တွဲဖက်တပ်ဆင်ပစ္စည်းတွေ၊ ပိုကြီးတဲ့ လောင်စာဆီတိုင်ကီနဲ့ ရေမဝင်နိုင်တဲ့ အထူးအကာအကွယ်တွေကို တပ်ဆင်ထားပါတယ်။
ဒီမော်တော်ဆိုင်ကယ်ဟာ ကုန်းပေါ်မှာ အရှိန်ယူပြီးတဲ့နောက် ရေပြင်ပေါ်ရောက်ချိန်မှာ ရေပေါ်မှာ ပေါလောပေါ်ရင်း ရွေ့လျားခဲ့ပါတယ်။
ရှေ့ဘက်က တွဲဖက်တပ်ဆင်ပစ္စည်းက ဦးတည်ချက်ကို ထိန်းချုပ်ပေးပြီး နောက်ဘက် တာယာက ရေကို အနောက်ဘက်ဆီ တွန်းကန်ပေးခြင်းအားဖြင့် ရှေ့ကို ရွေ့လျားနိုင်စေပါတယ်။
ဇာတိမြေမှာ ဒီစံချိန်တင်ဖို့ ကြိုးပမ်းနိုင်ခဲ့ခြင်းက အောင်မြင်မှုကို ပိုအဓိပ္ပာယ်ရှိစေတယ်လို့ ကျန်းက ပြောခဲ့ပါတယ်။
MX450 မော်တော်ဆိုင်ကယ်ကလည်း အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုအဆင့်ကို ရောက်တော့မှာဖြစ်လို့ ဒီစိန်ခေါ်မှုအတွက် ဇာတိမြေကို ပြန်လာဖို့က အခွင့်ကောင်းတခု ဖြစ်ခဲ့တယ်လို့လည်း ကျန်းက ပြောခဲ့ပါတယ်။
ဂင်းနစ် ကမ္ဘာ့စံချိန် တာဝန်ရှိသူတွေက ဒီကြိုးပမ်းချက်ကို ကိုယ်တိုင်မျက်မြင် ကြည့်ရှုခဲ့ကြပြီး ရလဒ်ကို အတည်ပြုပေးခဲ့ပါတယ်။
Source: Reuters











