
ဂရိနိုင်ငံမြောက်ပိုင်းက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ သက်ဆာလိုနီကီမြို့မှာ ကျောင်းသား၊ ကျောင်းသူ ထောင်ချီဟာ ပြင်သစ်တနိုင်ငံလုံးက ကျောင်းသားတွေနဲ့ စည်းလုံးညီညွတ်ကြောင်း ဖော်ပြတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ရင်း ဆန္ဒပြပွဲကို ပူးပေါင်းခဲ့ပါတယ်။
နိုင်ငံရဲ့ မြို့တော်ပါရီက ဆန္ဒပြပွဲတွေနည်းတူ ဒီဆန္ဒပြပွဲဟာလည်း ရဲတပ်ဖွဲ့ဝင်တွေ အထူးသဖြင့် ဆူပူအုံကြွမှုတွေကို ထိန်းချုပ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စောင့်ကြည့်မှုအောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသူ ဖာနီခရစ္စာနီယာက “ဥရောပတဝန်းက လူငယ်တွေ၊ ပြင်သစ်၊ အီတလီ၊ အယ်လ်ဘေးနီးယားနဲ့ တခြားဥရောပနိုင်ငံ အများကြီးက လူငယ်တွေအားလုံးဟာ အလားတူ ပြဿနာတွေကိုပဲ ရင်ဆိုင်နေကြရပါတယ်။ ရန်သူကလည်း အတူတူပါပဲ။ ကျမတို့ လမ်းမပေါ်ထွက်လာရတဲ့ အကြောင်းရင်းတွေကလည်း အတူတူပါပဲ” လို့ ပြောပါတယ်။
ကျောင်းသားအားလုံးအတွက် အထောက်အပံ့ပေးမဲ့ အစီအမံတွေကို အခုချက်ချင်း လုပ်ပေးဖို့ တောင်းဆိုပါတယ်လို့လည်း သူက ပြောပါတယ်။
ပညာရေးဝန်ကြီး ဆိုဖီယာဇာချာရာကီက ဆန္ဒပြပွဲတွေမစမီ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ကြားသိထားတယ်လို့ ပြောပါတယ်။
နေထိုင်ရေးစရိတ်တွေ မြင့်တက်လာခြင်းက ဂရိမိသားစုတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ သူက အသိအမှတ်ပြုခဲ့ပြီး ကျောင်းသားတွေအတွက် နေရာသစ်တွေ ဖန်တီးပေးဖို့နဲ့ ရှိပြီးသား အဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့ စီမံကိန်းတွေ လုပ်နေတယ်လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ ပြင်သစ်နဲ့ အယ်လ်ဘေးနီးယားနိုင်ငံတို့မှာ ရက်အတော်ကြာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေရဲ့ နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာတာပါ။
ဒီနိုင်ငံတွေမှာ နေထိုင်မှုစရိတ် မြင့်တက်လာပြီး အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်လို့ ယူဆရတဲ့အတွက် ဒေါသတွေကြောင့် ပဋိပက္ခတွေရှိခဲ့ပြီး ပိုင်ဆိုင်မှုပစ္စည်းတွေ အတော်များများ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
Source: Reuters











