ဘရာဇီးသမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အထက်လွှတ်တော်အမတ် ဖလာဗီယို ဘော်လ်ဆိုနာရိုက အမေရိကန်နိုင်ငံကို ရောက်ရှိပြီးနောက် သူသာ ဘရာဇီးနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်ဖြစ်တယ်လို့ အောက်တိုဘာ ၂၈ ရက်မှာ ကြေညာပါတယ်။
အောက်တိုဘာ ၂၅ ရက် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗားက မဲ ၄၅ သိန်းလောက် အသာနဲ့ အနိုင်ရခဲ့တာပါ။
ဒါပေမဲ့ ဘော်လ်ဆိုနာရိုက လူလာနဲ့ ဘရာဇီးတရားရုံးချုပ်တို့က ရွေးကောက်ပွဲရလဒ်ကို လုယူခဲ့တယ်လို့ စွပ်စွဲထားပြီး မဲမသမာမှု ရှိခဲ့တယ်ဆိုတဲ့ သက်သေတော့ မပြနိုင်ခဲ့ပါဘူး။
သူဟာ လူမှုကွန်ရက် X မှာ အစပိုင်းက သူ့ကိုယ်သူ “ရွေးကောက်ခံသမ္မတ” လို့ ကြေညာခဲ့ပြီး နောက်ပိုင်းမှာ အဲဒီစာကိုဖျက်ကာ “ဘရာဇီးနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်” လို့ ပြောင်းလဲ ရေးသားခဲ့ပါတယ်။
“ကျနော် ဘရာဇီကနေ ထွက်ပြေးတာ မဟုတ်ဘူး” လို့လည်း ဘော်လ်ဆိုနာရိုက ပြောခဲ့ပြီး သူနဲ့ မိသားစုကို ကာကွယ်ဖို့ နိုင်ငံကနေ ထွက်ခွာခဲ့တာလို့ ရှင်းပြပါတယ်။
ဒါပေမဲ့ ငွေကြေးခဝါချမှု စုံစမ်းစစ်ဆေးချက်နဲ့ ပတ်သက်ပြီး နိုင်ငံကူးလက်မှတ်တွေ အပ်နှံဖို့ တရားရုံးချုပ်ရဲ့ အမိန့်ကို သူ မလိုက်နာခဲ့ပါဘူး။
ဘော်လ်ဆိုနာရိုကတော့ ငွေကြေးခဝါချမှု စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး အာဂျင်တီးနားနိုင်ငံက တဆင့် အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ကို ရောက်ရှိခဲ့တာပါ။
အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေးက ခရီးစဉ်အတွက် ကူညီခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ် ကလည်း ဘော်လ်ဆိုနာရိုနဲ့ မိသားစုကို ပြည်ဝင်ခွင့်ဗီဇာတွေ ပေးခဲ့ပါတယ်။
ထရမ့်ပ်က ဘော်လ်ဆိုနာရိုရဲ့ စွပ်စွဲချက်တွေအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမဲ့ ဒီရွေးကောက်ပွဲဟာ “အလွန်ထူးဆန်းတဲ့ ရွေးကောက်ပွဲ” ဖြစ်တယ်လို့ ပြောပါတယ်။
ဘရာဇီး ရွေးကောက်ပွဲတရားရုံး၊ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူတွေနဲ့ ဘော်လ်ဆိုနာရိုရဲ့ ပါတီကိုယ်တိုင်ကတော့ လူလာ အနိုင်ရတဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုထားပါတယ်။
Source: Reuters











