
သမဂ္ဂခေါင်းဆောင်တွေကို အလုပ်ပြန့်ခန့်ဖို့ တောင်းဆိုခဲ့ကြတဲ့ နေရွှေဝင်းအထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၀၀ ကျော်ကို မေ ၁၂ ရက် ဒီနေ့မှာ အလုပ်ထုတ်လိုက်တယ်လို့ ရွှေပြည်သာမြို့နယ်အထည်ချုပ်သမဂ္ဂက ထုတ်ပြန်ပါတယ်။
နေရွှေဝင်းအထည်ချုပ်စက်ရုံမှာ မေ ၁၁ ရက်က သမဂ္ဂခေါင်းဆောင်တွေကို လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပေးဖို့ စုပေါင်းတောင်းဆိုတာကို စက်ရုံဘက်က လက်မခံတဲ့အပြင် တောင်းဆိုတဲ့အထဲ ပါသူတွေကို အလုပ်ထုတ်လိုက်တာလို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ် အထည်ချုပ်သမဂ္ဂက “နေရွှေဝင်းစက်ရုံမှ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ ရောက်ရှိအကူအညီ တောင်းခံလာလို့ တည်ဆဲအလုပ်သမားဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြင်ဆင်နေပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီစက်ရုံမှာ ကုန်ကြမ်းနဲ့အထည်အော်ဒါနည်းလို့ လုပ်သားအင်အားလျှော့ရတာဆိုပြီး အလုပ်သမား ၁၉ ယောက်ကို မေ ၉ ရက်က အလုပ်ထုတ်ကြောင်း ကြေညာခဲ့ပါတယ်။
အလုပ်ထုတ်ခံရတဲ့သူတွေထဲမှာ အလုပ်သမားသမဂ္ဂခေါင်းဆောင်နဲ့အဖွဲ့ဝင် ၁၀ ယောက် ပါဝင်နေခဲ့လို့ ကျန်ရှိတဲ့ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေက ကန့်ကွက်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
အဲဒီလို တောင်းဆိုခဲ့ကြတဲ့ အလုပ်သမား ၁၀၃ ယောက်ကို လုပ်ငန်းခွင်ထဲ မဝင်ရောက်လိုတဲ့ သူတွေဆိုပြီး စက်ရုံခြံဝန်းအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း လုပ်ငန်းရှင်ဘက်က စာထုတ်အသိပေးခဲ့တာ ဖြစ်ပါတယ်။
အခုလို အလုပ်သမားသမဂ္ဂဝင်တွေကို အလုပ်ထုတ်တာက သာမန်လူလျှော့တာမဟုတ်ဘဲ သမဂ္ဂဖြိုခွဲခြင်း (Union Busting) ဖြစ်တယ်ဆိုပြီး အလုပ်သမားတွေက စွပ်စွဲထားတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ထားပါတယ်။
နေရွှေဝင်းအထည်ချုပ်စက်ရုံမှာ အခြေခံအလုပ်သမားအဖွဲ့အစည်းကို ဖွဲ့စည်းဖို့အတွက် သမဂ္ဂအဖွဲ့ဝင်တွေက မတ် ၂၃ ရက်က မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဆီ အဖွဲ့အစည်း ဖောင်တင်ထားတာ ဖြစ်ပါတယ်။
အဲဒီလိုတင်ထားပေမဲ့ ဌာနက ပုံစံ ၆ ချမပေးဘဲ အဖွဲ့အစည်းဖောင်မှာပါတဲ့ အလုပ်သမားစာရင်းကို အလုပ်ရှင်ဆီ သတင်းပြန်ပေးပို့ခဲ့လို့ အခုလို အလုပ်ထုတ်ခံရတာဖြစ်နိုင်ကြောင်း အလုပ်သမားတွေက ယူဆထားပါတယ်။
မြို့နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရဲ့ လုပ်ရပ်က အလုပ်သမားသမဂ္ဂဖြိုခွဲဖို့အတွက် နောက်ကွယ်က ပံ့ပိုးပေးတဲ့သဘော သက်ရောက်နေပြီး သမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်လိုက်တာကလည်း တည်ဆဲဥပဒေကို စိန်ခေါ်ရာရောက်သလို စစ်အာဏာရှင်အစိုးရ ဝန်ကြီးဌာနက ဘယ်လိုကိုင်တွဲမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ STUM က ဆိုပါတယ်။
အခုလို အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ ပြဋ္ဌာန်းချက်အမှတ် ၈၇ (အသင်းအပင်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်) ကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။
နေရွှေဝင်းစက်ရုံမှာ အလုပ်သမား ၇၀၀ နီးပါးနဲ့ လည်ပတ်လုပ်ကိုင်နေတာဖြစ်ပြီး နိုင်ငံတကာ အမှတ်တံဆိပ်တွေဖြစ်တဲ့ Terranova၊ LC Waikiki၊ Defacto၊ Sky Fashion၊ Calliope၊ GEMO၊ Pimkie၊ Only တို့ကို ချုပ်လုပ်နေတာလို့ အလုပ်သမားတွေဆီက သိရပါတယ်။










