
ဂျပန်မြို့ အများအပြားမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ကျော်လာချိန်မှာ ခွေးနဲ့ ကြောင်တွေ အပူရှပ်တာကနေ ကာကွယ်ဖို့ တိုကျိုအခြေစိုက် Sweet Mommy ကုမ္ပဏီက ပန်ကာပါတဲ့ အအေးပေးဝတ်စုံ ဖန်တီးလိုက်ပါတယ်။
ကိုယ်ဝန်ဆောင်ဝတ်စုံတွေ ထုတ်လုပ်တဲ့ ဒီကုမ္ပဏီဟာ ဆောက်လုပ်ရေးလုပ်သားတွေ ဝတ်တဲ့ ပန်ကာအင်္ကျီကို အတုယူပြီး တိရစ္ဆာန်ဆရာဝန်တွေနဲ့ ပူးပေါင်းဖန်တီးခဲ့ပါတယ်။
ဝတ်စုံထဲက ဘက်ထရီသုံးပန်ကာနှစ်လုံးက ပြင်ပလေကို စုပ်ယူပြီး ကော်လာမှာ ထည့်ထားတဲ့ ရေခဲအိတ်က လေကို အေးစေပါတယ်။
အေးလာတဲ့လေက ကိုယ်ခန္ဓာတလျှောက် လည်ပတ်ပြီး လည်ပင်းနဲ့ ခြေထောက်ပေါက်တွေကနေ ပြန်ထွက်ပါတယ်။
ဩဂုတ် ၁၉ ရက် တိုကျိုစမ်းသပ်ဝတ်ဆင်ပွဲမှာ တိချစ်သူ ဟာရူမိ ဝါကာဘာယာရှီက “ခွေးအနေရခက် မဖြစ်ဘူး၊ ဝမ်းဗိုက်အထိလည်း အေးတယ်” လို့ ပြောပါတယ်။
ငါးနှစ်အရွယ် ဒက်ရှ်ဟွန်းခွေး မိုမိုရဲ့ ပိုင်ရှင် မာရှာ တိုဂိုက ခွေးတွေဟာ လူတွေလို ချွေးမထွက်နိုင်လို့ နေ့ဘက် လမ်းလျှောက်တာကို ရှောင်နေတယ်လို့ ဆိုပါတယ်။
အဓိကသွေးကြောကြီးတွေရှိတဲ့ နေရာတွေကို အေးပေးတာက အထိရောက်ဆုံးဖြစ်လို့ ဒီဇိုင်းကို အဲဒီနေရာတွေအပေါ် အဓိကထားတယ်လို့ Sweet Mommy ဒါရိုက်တာ ဟီကာရု အူဇာဝါက ပြောပါတယ်။
နောက်ဆုံးပေါ်ဝတ်စုံကို အရွယ်အစား လေးမျိုးနဲ့ ရောင်းချပြီး တထည်ကို ယန်း ၁၆,၅၀၀၊ အမေရိကန်ဒေါ်လာ ၁၀၄ ဒေါ်လာလောက် ကျသင့်ပါတယ်။
Source: Reuters











