
“အခုဆိုရင် ကျမ ဗမာစကား ကောင်းကောင်းပြောတတ်သွားပြီး၊ ဗမာ အစားစားတွေလည်း စားတတ်ပြီ။ ဒီကို ရောက်မယ်လို့ တခါမှ မထင်ခဲ့မိဘူး၊ တကယ့်ကို မထင်တာ။ မတတ်နိုင်ဘူးလေ၊ ခေတ်မကောင်းတော့လည်း ဒီလိုပဲ ဖြစ်သွားတာပေါ့။”
အသက် ၅၇ နှစ်အရွယ် ဒေါ်ကြိုးကြာတယောက် ၅ နှစ်သာသာရှိတဲ့ သူ့မြေးလေးကို ပွေ့ချီထားရင်း လက်တဖက်ကလည်း ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်တွေကို ရေဆေးသန့်စင်နေသလို တခါတခါ ကြယ်နီဆေးပေါ့လိပ်ကိုပါ ခပ်ပြင်းပြင်းလေးဖွာလိုက်နဲ့ လတ်တလော သူခံစားနေရတာတွေကို ဖွင့်ဟနေတာပါ။
၁၀ ပေသာသာရှိတဲ့ မီးဖိုချောင်မှာ ဒေါ်ကြိုးကြာတယောက် မီးသွေးမီးဖိုထဲက ထွက်လာတဲ့ မီးခိုးတလူလူကြား မိသားစု ညစာအတွက် စီမံချက်ပြုတ်နေရင်း ဇူလိုင်မိုးကလည်း မနားတမ်းကို ရွာနေတော့လေ ဝင်လေထွက်ပေါက် မရှိတဲ့ မီးဖိုချောင်လေးက မီးခိုးငွေ့တွေအပြည့်နဲ့ အုံ့မှိုင်းနေလို့သာ။
မြေးလေး တယောက်အပါ မိသားစု ၆ ဦးနေတဲ့ သာမန်ပျဉ်ထောင်အိမ်လေးထဲမှာ တနေကုန်နီးပါး ဒီမြေးအဘွားပဲ ရှိပါတယ်။ ကျန်တဲ့သူတွေကတော့ မိုးလင်းတာနဲ့ ကိုယ်စီကိုယ်စီ အလုပ်သွားကြတာဖြစ်လို့ မိုးချုပ်မှပဲ မိသားစုတွေ ဆုံဖြစ်ကြတာပါ။
ဒေါ်ကြိုးကြာဟာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်က ဖြစ်ပါတယ်။ လက်ရှိ သူတို့ မိသားစုဟာ ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင်ထဲက လူသူသိပ်သည်းမှု အထူထပ်ဆုံး၊ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းနေထိုင်သူတွေ အများဆုံးနေကြတဲ့ လှိုင်သာယာမြို့နယ်မှာ နေကြတာပါ။ လှိုင်သာယာ မီးခွက်ဈေးရပ်ကွက်ထဲမှာ အိမ်ငှားနေကြတာ အခုဆိုရင် ၂ နှစ်တင်းတင်း ရှိလာပါပြီ။ ခင်ပွန်းသည်အပါအဝင် သားတဦး၊ သမီး တဦး၊ ချွေးမ၊ မြေးတဦးတို့နဲ့ အတူတူ နေကြပါတယ်။ လှိုင်သာယာထဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်းပိုင်းကတည်းက ရောက်လာကြတာလို့ ဒေါ်ကြိုးကြာက ပြောပါတယ်။
“ကျမ အိမ်ထောင်မကျခင်က ရန်ကုန်ကို အမေတို့နဲ့ အလည်တခေါက်တော့ ရောက်ဖူးတယ်။ အဲတုန်းက ကုန်သည်ကြီးများ ဟိုတယ်တောင် ဆောက်နေတုန်း မပြီးသေးဘူး။ အခုလိုမျိုး ကားတွေ၊ တိုက်တာတွေလည်း ကောင်းကောင်းမများသေးဘူး။ အဲတခါပဲ ရောက်ဖူးတာ။”
ဒေါ်ကြိုးကြာတို့ မိသားစုတသိုက် ရန်ကုန်ကို ဘယ်လိုကြောင့် ရောက်လာတာလဲ။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြားထဲ တောင်ကုတ်မြို့ကနေ ဘယ်လိုမျိုး ခရီးနှင်လာခဲ့ကြသလဲလို့ မေးကြည့်တော့…
“အမလေး အဲ့အကြောင်း ပြောတောင် မပြာပြချင်ပါဘူး ငါ့မောင်ရေ။ မှတ်မှတ်ရရ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလ ဖြစ်မယ်၊ စစ်တပ်က လေယာဉ်ပျံနဲ့ လာဗုံးကြဲတာ ငါတို့တော့ သေပြီးပေါ့၊ ဘယ်ကို ပြေးလို့ ပြေးရမှန်း မသိ။ ဟိုဘက်မှာလည်း သေနတ်သံ၊ ဒီဘက်ကျလည်း ဒုန်းဒုန်းနဲ့ ပစ်နေကြတာ တနေကုန်ပဲ။ အိမ်နီးချင်းတွေကလည်း ပြေးကုန်ကြပြီ၊ ငါတို့လည်း ပြေးမှ ဖြစ်တော့မယ်ဆိုပြီး ဘူးရွှေမော်ရွာဘက်ကို ပြေးကြတာ” လို့ ပြောပြပါတယ်။
တကယ်တော့ ဒေါ်ကြိုးကြာဟာ မိသားစုကိုခေါ်ပြီး အသက်ဘးလွတ်ရာလွတ်ကြောင်း သူ့အခြေချနေတဲ့ အိမ်နဲ့လည်းမဝေးချင်လို့ တောင်ကုတ်မြို့နဲ့ မနီးမဝေးက ဘူးရွှေမော်ရွာကို ကနေဦး ပြေးခဲ့ကြပါသေးတယ်။ အဲဒီရွာကို ရောက်တော့လည်း ရက်ပိုင်းအတွင်းမှာပဲ စစ်တပ်က လေကြောင်းထပ်ပြီး ဝဲနေတော့ ပြေးစရာ ထပ်ရှာရပါတော့တယ်။
တောင်ကုတ်မြို့နယ်ထဲမှာတော့ တရက်ထက်တရက် သေနတ်သံတွေ လေယာဉ်သံတွေ၊ ဗုံးသံ၊ လက်နက်ကြီးသံတွေ ပိုကြားနေရတဲ့အတွက် နောက်ဆုံးတော့ ဗမာပြည်လို့ သူတို့ (တောင်ကုတ်နယ်ခံ)တွေ ပြောကြတဲ့ ရန်ကုန်ကို ပြေးဖို့ မိသားစုအားလုံးက သဘောတူခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီတုန်းက ရန်ကုန်ကို သွားဖို့ဆိုတာ ကားလက်မှတ်ဖြတ် လိုက်ပါသွားလို့ ရတဲ့အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ရန်ကုန်ကိုသွားတဲ့ အမ်း၊ ရခိုင်ရိုးမလမ်းနဲ့ ဂွ၊ ငါးသိုင်းချောင်းလမ်းတွေကို စစ်တပ်က ဖြတ်သန်းခွင့် ပိတ်ဆို့ထားတဲ့ အချိန်လည်း ဖြစ်ပါတယ်။
တောင်ကုတ်နယ်ထဲက ပြည်သူတွေကတော့ ရွာတွေနဲ့ နီးစပ်ရာ ရွာတွေ၊ တောတောင်တွေမှာ သွား ရောက်စစ်ရှောင်ကြသလို တချို့ကတော့ ရခိုင်ပြည်နဲ့ ဝေးရာကို အပင်ပန်းခံ ဒုက္ခခံပြီး အရဲစွန့် ထွက်ခွာကြပါတယ်။ အသက်ဘေးကနေ လွတ်မြောက်ဖို့အတွက် သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ လူကြီး လူငယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မသန်စွမ်းသူတွေ၊ နာတာရှည် ရောဂါခံစားနေရသူပါမကျန် စစ်ဖြစ်ရာနဲ့ မိုင်ရာနဲ့ချီဝေးတဲ့ စစ်မက်ကင်းရာ အရပ်တွေဆီကို တောလမ်းအတိုင်း ခြေကျင်လျှောက် ခရီးနှင်ကြတာပါ။
အဲဒီထဲမှာ ဒေါ်ကြိုးကြာတို့ မိသားစုလည်း ပါဝင်ပါတယ်။ လမ်းပြ (ကယ်ရီသမား) တွေလို့ ခေါ်ကြတဲ့ အဖွဲ့ကနေ ဦးဆောင်ကာ မြန်မာပြည် အလယ်ပိုင်း မြေလတ်ဒေသနဲ့ ပဲခူးတိုင်းထဲကို ရခိုင်ရိုးမဖြတ်ပြီး တတောဝင် တတောင်တက် ၁၅ ရက်နီးပါး သွားရတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ လမ်းခရီးမှာ လက်နက်ကိုင်အဖွဲ့တွေ လူပ်ရှားတဲ့ နေရာတွေဆိုရင်တော့ အခြေအနေကြည့်ပြီးမှ ခရီးဆက်ကြရတာဖြစ်လို့ တချို့လည်း တလဝန်းကျင် ကြာတတ်သလို မြန်မာစစ်ကြောင်းနဲ့ တိုးရင်တော့ သွားလိုရာကို မရောက်တော့ဘဲ အဖမ်းခံရတာ၊ ပေါ်တာဆွဲခံရတာတွေလည်း ရှိတယ်လို့ မြေပြင်သတင်းတွေဆီက သိရပါတယ်။
ဒီလမ်းကြောင်းက အရင်ကတည်းက ရှိနေပြီးသားပါ။ မြန်မာပြည် အလယ်ပိုင်းအညာ ဒေသက နွားတွေကို ရခိုင်ပြည် နယ်စပ်အထိ နွားကုန်ကူးသမားတွေ အသုံးပြုတဲ့ မှောင်ခိုလမ်းကြောင်း ဖြစ်ပါတယ်။
ဒေါ်ကြိုးကြာတို့မိသားစုဟာ လက်လုပ်လက်စားသမားတွေ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက အရင်တုန်းက ပင်လယ်ပြင်ထွက် ငါးဖမ်းတံငါလုပ်ငန်းလုပ်ပေမဲ့ အခုတော့ အသက်အရွယ်ရလာလို့ အဲဒီအလုပ်ကို မလုပ်တော့ဘဲ တောင်ကုတ်မြို့ပေါ်မှာ ရရာကျပန်းအလုပ်တွေကို လိုက်လုပ်နေတာပါ။ ဒေါ်ကြိုးကြာကတော့ ရခိုင်မုန့်တီ ဆိုင်လေးဖွင့်ထားလို့ မိသားစု ငွေပိုငွေလျှံ မရှိပေမဲ့ စားနိုင်သောက်နိုင်ရုံတော့ ရှိကြတယ်လို့ ဆိုပါတယ်။
နှစ်အလီလီ စုဆောင်းထားတဲ့ ငွေတွေနဲ့ အိမ်တွင်းပစ္စည်းတချို့ ထုခွဲရောင်းချပြီး တယာက်ကို ၁၅ သိန်းနှုန်းနဲ့ မြေးငယ်လေးအပါ လူ ၅ ယောက်စာကို ကျပ် ၇၅ သိန်းပေးကာ စစ်ရှောင်စရိတ် အတွက် အသုံးပြုခဲ့တယ်လို့ ပြောပြပါတယ်။
“ကားလမ်းတွေလည်း ပိတ်ထားတော့ သွားလို့က မရဘူး။ ရိုးမအတိုင်းသွားတာက လမ်းမှာ ၁၅ ရက်၊ ရက် ၂၀ လောက်ကြာတယ်။ စစ်ကြောင်းရှိလို့ မထွက်ရတာ၊ တိုက်ပွဲတွေ ဖြစ်လို့၊ ဘာဖြစ်လို့နဲ့ တောထဲမှာပဲ ဖြစ်သလိုစား၊ အဆင်ပြေသလို အိပ်ကြရတာပေါ့။ ကိုယ်တယောက်တည်းမှ မဟုတ်၊ အားလုံး အယောက် ၂၀ ကျော်လောက် ပါလာတာ။ မိုးလင်းလာရင် လျှောက်တော့၊ ဖိနပ်တွေ ပြတ်တဲ့သူနဲ့ ဖိနပ်က အပိုမပါလာဘူး။ ဒီအတိုင်း လျှောက်ကြရတာပဲ။ ဘယ်ရောက်လို့ ရောက်နေမှန်းလည်း မသိ။ မိုးချုပ်ရင် ရောက်တဲ့နေရာ အိပ်။ လမ်းပြတွေ ပြောတဲ့အတိုင်း လုပ်ရတာပေါ့။”
တောင်ကုတ်မြို့ကနေ ရိုးမအတိုင်း ရက်ပေါင်း ၂၀ ဝန်းကျင် ခြေလျင်လျှောက်လာခဲ့ကြတဲ့ ဒေါ်ကြိုးကြာတို့ မိသားစုဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာတော့ ပဲခူးတိုင်း ပန်းတောင်းမြို့ကို ရောက်လာခဲ့ကြပါတယ်။ အဲဒီကနေ ပြည်မြို့၊ ပြည်ကနေ အဝေးပြေးကားနဲ့ ရန်ကုန်ကို ရောက်လာခဲ့တာလို့ ဆိုပါတယ်။
သူတို့မိသားစုဟာ ရန်ကုန်မှာ အခြေချဖို့ မရည်ရွယ်ထားပါဘူး၊ ယာယီစစ်ရှောင်လာတဲ့ သဘောပါ။ ဒါပေမဲ့ အချိန်တွေ၊ ရက်တွေ၊ လတွေသာ ကုန်သွားတယ် ရခိုင်ပြည်ကို စစ်မီးကတော့ ဝိုင်းထားဆဲဖြစ်လို့ နေရပ်ပြန်ဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်ခဲ့ပါဘူး။
ပြန်လို့မဖြစ်တဲ့အဆုံး “ရေကြည်ရာ မြက်နုရာ” ဆိုရမလို မိသားစု နေရေးစားရေအတွက် အဆင် ပြေရာကို လိုက်ရှာကြပါတော့တယ်။ ဒေါ်ကြိုးကြာနဲ့ မြေးလေးက အိမ်စောင့်၊ ခင်ပွန်း၊ သား၊ သမီး၊ ချွေးမက လှိုင်သာယာ စက်မှုဇုန်ထဲမှာရှိတဲ့ အထည်ချုပ်စက်ရုံတခုမှာ အလုပ်တွေ ဝင်လုပ်ခွင့်ရကြပါတယ်။ ခင်ပွန်းဖြစ်သူက စက်ရုံလုံခြုံရေး ညစောင့်အလုပ်နဲ့ ကျန်တဲ့သူတွေကတော့ အထည်ချုပ်တဲ့ အလုပ်တွေ လုပ်ကြတာဖြစ်ပါတယ်။ လုပ်အားခ တလ တယောက်ကို ကျပ် ၂ သိန်းကျော် ၃ သိန်းဝန်းကျင်စီ ရကြတယ်လို့ သိရပါတယ်။
သားသမီးတွေ လူလားမြောက်လာတဲ့အထိ ရခိုင်ပြည်မှာ တံငါသည်ဘဝနဲ့ တဘဝလုံးရုန်းကန် နေခဲ့ကြတဲ့ မိသားစုဟာ အခုတော့ သူတို့မထင်ထားတဲ့ ဘဝအရွေ့တခုကို ရန်ကုန်က ပြောင်းပေးလိုက်တာလို့ ဆိုရမှာပါ။ တဖြည်းဖြည်းနဲ့ ရန်ကုန်မြေမှာ အနေကျလာသလို မြေးလေးက အစ ဗမာစကားနဲ့ ဗမာ အစားအစာတွေ အကျွမ်းတဝင်ရှိလာပြီလို့ ဒေါ်ကြိုးကြာ အမြဲပြောနေကြ စကားတခုပဲ ဖြစ်ပါတယ်။
“ကလေးက ဒီရောက်ခါစ သူ့စကား သူများနားမလည်၊ သူများစကား သူနားမလည်နဲ့ သူပြောချင်တာ ပြောတာ။ ကျမတို့လည်း ဟိုမသွားတတ် ဒီမသွားတတ် အိမ်နဲ့ ဈေးလောက်ပဲ သွားတတ်တာ။ ခုတော့ မြို့ထဲလည်း သွားတတ်ပြီ။ အလုပ်ပိတ်ရက်ဆို အားလုံးအပြင်ထွက်ကြတာ။”
သူတို့မိသားစုဟာ ရန်ကုန်မှာ သာယာနေတဲ့ အနေအထားတခုမှာ ရှိတယ်လို့ ပြောနိုင်ပါတယ်။ အသက် ၂၀ ကျော် သမီးဖြစ်သူက သူအလုပ်ပြီးဆုံးချိန်တွေမှာ ဂျပန်စကားနဲ့ ကွန်ပြူတာ သင်တန်းတွေကို သင်ယူနေပါတယ်။ ဒါကလည်း ရန်ကုန်ကို ရောက်တုန်းရောက်ခိုက် အခွင့်အရေးတခုကို အကျိုးရှိရှိ အသုံးချနေတာပဲ မြင်မိပါတယ်။
ရန်ကုန်ရောက်ပြီး သိပ်ကြာပါဘူး ၂၀၂၄ ဒီဇင်ဘာလကုန်လောက်မှာ မင်းအောင်လှိုင်စစ်အစိုးရက တောင်ကုတ်မြို့ကို လေကြောင်းနဲ့ ဖြိုခွင်းတဲ့အခါ ဒေါ်ကြိုးကြာတို့ အိမ်လည်း အထိနာသွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ သူတို့ရပ်ကွက်က နေတဲ့သူတွေ အားလုံး စစ်ရှောင်နေကြလို့ လူသူကင်းမဲ့ နေချိန်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို စစ်အာဏာရှင်အစိုးရက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ သတင်းအခြေအနေမှန်ကို မသိရပေမဲ့ အခင်းဖြစ်ပြီး နာရီပိုင်းလောက်မှာပဲ ရုပ်သံတွေ ဓာတ်ပုံတွေ အွန်လိုင်းပေါ်ကနေ ဒေါ်ကြိုးကြာတို့ မိသားစု မြင်ခွင့်ရခဲ့ကြပါတယ်။
“အမလေး ဗီဒီယိုထဲမှာ သံတွဲလမ်းလေးခွက ခရစ်ယာန်ဘုရားကျောင်းဆို ပြာကိုကျလို့၊ တောင်ကုတ်ဈေး ဆိုလည်း ဘာမှကို ရစရာကို မရှိတာ။ ကျမတို့ဘက်ကျတော့ အနိမ့်ပိုင်းဖြစ်နေလို့ ပြောရမယ်။ လမ်းထိပ်က တိုက်တွေ အားလုံတော့း မီးလောင်ကုန်ပြီ၊ ကျမအိမ်လည်း ခေါင်မိုးတွေ ပွင့်လို့ အိမ်မကြီးပဲ ကျန်တော့တာ။ ဗီဒီယိုထဲမှာတော့ အဲဒါပဲ မြင်ရတယ်” လို့ ပြောကာ ဒေါ်ကြိုးကြာတယောက် အငို မျက်ဝန်းတွေနဲ့ ငိုင်စိုက်သွားခဲ့ပါတယ်။
“ပြန်လို့လည်း မရ၊ ခုဆိုရင် ကျမအိမ်က ဘယ်လိုတွေဖြစ်နေပြီလဲ မသိရဘူး၊ ဒီဟာမဖြစ်ခင် အိမ်ကို ပိုက်ဆံအကုန်ခံပြီး အုတ်တွေနဲ့ အသစ်ပြန်ဆောက်ထားသေးတာ၊ တဝတ်လောက်ပဲ ပြီးသေးတယ်၊ အိမ်နောက်ဖေး ကျန်သေးတယ်” လို့ ဆက်ပြောပါသေးတယ်။
၂၀၂၅ နှစ်ဦးပိုင်းကစလို့ ဒေါ်ကြိုးကြာဟာ သူ့အိမ်အတွက် စိုးရိမ်စိတ်တွေကြောင့် ထမင်းလည်းမစားနိုင်၊ စကားအပြောအဆို ရယ်ရယ်မောမောလည်း မရှိတော့ဘဲ သွေးပေါင်တွေလည်း ကျလိုက်တက်လိုက်နဲ့ ဆေးခန်းခဏခဏ ပြနေရတယ်လို့လည်း သူ့ သမီးဆီကနေ သိရပါတယ်။
တောင်ကုတ်နယ်ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ နှစ်ကုန်မှာ အပြီးပိုင်သိမ်းပိုက် နိုင်ပြီးတဲ့နောက် နယ်မြေလုံခြုံရေးအားကောင်းလာလို့ တောင်ကုတ်နယ်တဝိုက် စစ်ရှောင်နေကြတဲ့ ပြည်သူတချို့က နေရပ်အသီးသီးကို ပြန်ဝင်ခဲ့ကြပါတယ်။ ရတိပြတ် အေးချမ်းနေတာမျိုးတော့ မဟုတ်ပါဘူး။ စစ်တပ်က လေကြောင်းကနေ မထင်ရင် မထင်သလို ဗုံးကြဲတာတွေက ယခုထိ ရှိနေဆဲဖြစ်ပါတယ်။
နယ်လွန်ပြီး ရန်ကုန်ရောက်နေကြတဲ့ ဒေါ်ကြိုးကြာတို့ကတော့ ကားလမ်းတွေပိတ်ထားဆဲ ဖြစ်လို့ မပြန်နိုင်ရှာပါဘူး။ တောင်ကုတ်နယ်မြေက ရပ်ကွက်တချို့မှာ ဒေသခံတွေ ပြန်ရောက်နေကြသလို အိမ်ရှင်မရှိတဲ့ အိမ်တွေမှာလည်း တခြားသူတွေ ဝင်နေတာတွေလည်း ရှိပါတယ်။ အဲ့ဒီအိမ်တွေထဲမှာ ဒေါ်ကြိုးကြာတို့အိမ်လည်း ပါပါတယ်။ ဘယ်အရပ်ကမှန်း မသိတဲ့ သူစိမ်းမိသားစုတစုက သူတို့ အိမ်ပေါ်ကို တက်နေတာလို့ အိမ်နီးချင်းဘေးအိမ်က စတားလင့်ခ်နဲ့ ချိတ်ချက်ပြီး သတင်းပေးလို့ သိရတဲ့အကြောင်း ဒေါ်ကြိုးကြာက ပြောပါတယ်။
“ရပ်ကွက်ထဲတော့ လူတွေဝင်နေပြီပေါ့။ တချို့လည်း မရောက်လာကြသေးဘူး။ အဲ့မှာ ကျမအိမ်ပေါ်ကို အမျိုးလည်းမဟုတ်၊ သိလည်းမသိဘူး မိသားစုတစု ဝင်နေတယ်လို့ ဘေးအိမ်က လှမ်းပြောတာ။ သူတို့လည်း မမောင်းထုတ်ရဲဘူးတဲ့။ ဘယ်လို လုပ်ရမှန်းတောင် မသိတော့ပါဘူး။ ပြန်လို့လည်း မရ။ ပြန်လို့ ရရင် ခုချက်ချင်းထပြန်မှာ။”
အရင်ကတည်းက အိမ်လွမ်းနာကျနေတဲ့ ဒေါ်ကြိုးကြာဟာ အခုလို သူ့အိမ်ပေါ် တခြားသူတွေ တက်နေတာကို သတင်းကြားလိုက်တော့ ဆောက်တည်ရာမရ ဖြစ်နေခဲ့ပါတယ်။ နေ့တိုင်းလိုလို မစားနိုင် မအိပ်နိုင်ဖြစ်ကာ စိတ်တွေလည်း ပုံမှန်မဟုတ်တော့ဘူးလို့ အိမ်သားတွေက ပြောကြပါတယ်။ လတ်တလော သူ့သမီးပြောတာက သူ့အမေမှာ အစာအိမ်နဲ့ အူအတက်ကင်ဆာရောဂါ ခံစားနေရတယ်လို့ ဆိုပါတယ်။
ဘယ်နေ့ တောင်ကုတ်ပြန်ရမလဲ၊ သူ့ကို ဘယ်သူတွေ ပို့ပေးမလဲ အမြဲတွေးတောနေတဲ့ ဒေါကြိုးကြာတယောက် အခုတော့ မထင်ထားတဲ့ ဝေဒနာတွေကိုပါ ခံစားနေရရှာပါတယ်။ တနေ့တချိန် ရခိုင်ပြည်ကြီး ငြိမ်းချမ်းသွားတဲ့နေ့ စစ်မက်ကင်းတဲ့နေ့ကို မြင်နိုင်ပါ့မလားလို့တောင် သူ့စိတ်က စိုးထိတ်နေပုံပေါ်ပါတယ်။
“ကျမ အိမ်ပြန်ရောက်ရင် ရှင်းစရာ ရှိတာတွေကို အရင်ရှင်းမယ်။ အခုတက်နေတဲ့ သူတွေကိုပေါ့။ ပြီးရင် ငွေထပ်ရှာပြီးတော့ နောက်ဖေးခန်းကို အုတ်ထပ်ဖြည့်မယ်၊ အခုသစ်တွေက ဆွေးနေလောက်ပြီ။ ပြီးတော့ ကျမ သမီးအလုပ်သွားလုပ်ချင်တဲ့ ဂျပန်နိုင်ငံကိုလည်း သွားနိုင်ဖို့ စီစဉ်ရဦးမယ်” လို့ သူ့ရဲ့ဆန္ဒတွေကို ရင်ဖွင့်ခဲ့ပါတယ်။
အခုတော့ ဒေါ်ကြိုးကြာဟာ တောင်ကုတ်မြို့ဆီ ပြန်ရမဲ့ရက်ကို နေ့တိုင်းပဲမျှော်နေသလို သူတည်ဆောက်ချင်တဲ့အနာဂတ် သူ့ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ဖို့ အားတင်းထားပေမဲ့ စစ်ရှောင်က ပေးလိုက်တဲ့ ဝေဒနာကတော့ သူ့နောက်ကို အရိပ်မည်းကြီးပမာ စွဲကပ်နေပါတော့တယ်။ မိုင်ထောင်ချီ အဝေးကို ပျံနိုင်တဲ့ ကြိုးကြာငှက်တို့လို့ ဒေါ်ကြိုးကြာလည်း ရခိုင်ရိုးမထဲကို ပြန်နိုင်ပါဦးမလား။ အခုတော့ ကြိုးကြားငှက်တို့ ကွန့်မြူးရာ ရိုးမနဲ့ မိုင်ရာချီဝေးတဲ့ ရန်ကုန်မြေမှာ ဒေါ်ကြိုးကြာမိသားစု အပြန်လမ်း မတွေ့သေးသရွေ့ ခိုနားနေရဦးမှာပဲ ဖြစ်ပါတယ်။
ငြိမ်းဇော်











