
တောင်အာဖရိက ရဲတပ်ဖွဲ့ဟာ စက်တင်ဘာ ၁၇ ရက်က ဂျိုဟန်နက်စ်ဘာ့ဂ်မြို့အနီးမှာ အမျိုးသမီးငယ်တယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး ဒါဟာ တနိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ လူသတ်မှုတွေထဲမှာ ၂ လအတွင်း ၉ လောင်းမြောက် တွေ့ရှိတာလည်း ဖြစ်ပါတယ်။
ဒီလူသတ်မှုတွေ အချင်းချင်း ဆက်စပ်မှု ရှိ၊ မရှိ ကိုတော့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အလောင်းကို ဂျိုဟန်နက်စ်ဘာ့ဂ် အရှေ့ဘက်မှာရှိတဲ့ အီကူရ် ဟူလေနီမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဒီနေရာဟာ အရင်က အလောင်းတချို့ကို တွေ့ရှိခဲ့တဲ့ နေရာနဲ့ တဝိုင်းတည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအလောင်းကို တခြားနေရာမှာ သတ်ဖြတ်ပြီးမှ ဒီနေရာကို လာစွန့်ပစ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
“အရင်တွေ့ခဲ့တဲ့ အလောင်းတွေလိုပဲ အသက် ၂၉ နှစ်ကနေ ၄၀ ကြား အရွယ်ရှိမယ်လို့ ယူဆရတဲ့ အမျိုးသမီးငယ်တဦးရဲ့ အလောင်းကို ထပ်မံတွေ့ရှိကြောင်း သတင်းရလို့ ဒီမနက် ရောက်လာတာပါ” လို့ ပြည်သူ့ရဲတပ်ဖွဲ့ဆိုင်ရာ ဒုတိယ အမျိုးသား ရဲကော်မရှင်နာ တီဘဲလို မိုစီကီလီက ပြောပါတယ်။
တွေ့ရှိရတဲ့ အလောင်းတချို့ဟာ အဝတ်အစား မပြည့်မစုံနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။
အလောင်းတလောင်းကတော့ ညနေပိုင်း အပြေးလေ့ကျင့်ခန်းလုပ်ရင်း ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် မိခင်တယောက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
သမ္မတ စီရေးလ် ရာမာဖိုဆာ ကတော့ ကျန်ရစ်သူ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဒီအမှုတွေကို ဖော်ထုတ်ဖို့အတွက် “ဘယ်အရာမှ မကျန်ရအောင် နည်းလမ်းပေါင်းစုံနဲ့ အစွမ်းကုန် စုံစမ်းစစ်ဆေးသွားမယ်” လို့ ကတိပြုထားပါတယ်။
တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာမှာ လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲက တခုဖြစ်ပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာလည်း နှစ်ရှည်လများ ရှိနေခဲ့တဲ့ ပြဿနာတခု ဖြစ်ပါတယ်။
ဒါပေမဲ့ အီကူဟူလေနီမှာ တွေ့ရှိခဲ့တဲ့ အလောင်းတွေကြောင့် အားနည်းညံ့ဖျင်းတဲ့ ပြည်သူ့လုံခြုံရေးနဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုတွေအပေါ် ပြည်သူတွေရဲ့ ဒေါသက ပြန်လည် တောက်လောင်လာခဲ့ပါတယ်။
Source: Reuters











