
တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘတ်မြို့အနားမှာ အမျိုးသမီး ၉ ယောက် အသတ်ခံရပြီးတဲ့နောက် အမျိုးသမီးတွေ နေ့တိုင်း ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကို ထင်ဟပ်စေတဲ့ အကြမ်းဖက်မှုအပေါ် ဒေါသနဲ့ စိုးရိမ်ပူပန်မှုတွေ ပြန်မြင့်တက်လာခဲ့ပါတယ်။
ဒါကြောင့် တောင်အာဖရိကနိုင်ငံသားတွေဟာ ဒီသီတင်းပတ်အတွင်း အောက်မေ့ဖွယ် အမှတ်တရ အပြေးပြိုင်ပွဲတွေနဲ့ ဆန္ဒပြပွဲတွေကို ဆင်နွှဲခဲ့ကြပါတယ်။
ကျမတို့ဟာ အားကစားအတွက် ပြေးနေချိန်မှာပဲ ဖြစ်ဖြစ်၊ စာတိုက်မှာပဲ ဖြစ်ဖြစ်၊ ချိန်းတွေ့နေချိန်မှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အိမ်ထဲမှာပဲ ဖြစ်ဖြစ်၊ Uber အငှားကား စီးနေချိန်မှာပဲဖြစ်ဖြစ် ဘေးကင်းလုံခြုံမှု မရှိကြပါဘူးလို့ အမှတ်တရ အပြေးပွဲကို ဆင်နွှဲနေသူတယောက်က ပြောပါတယ်။
ဒီပွဲဟာ အပြေးလေ့ကျင့်ရင်း ပျောက်သွားပြီး ရက်နည်းနည်းအကြာမှာ အလောင်းပြန်တွေ့ခဲ့ရတဲ့ အဲလိဇဘက် မိုဆယ်လာ့ဂ်ဂိုမို ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပခဲ့တာပါ။
အပြေးလေ့ကျင့်သူတွေက ဖယောင်းတိုင်တွေ ထွန်းညှိခဲ့ကြပြီး အမျိုးသမီးတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေကို ရပ်တန့်ကြပါလို့ရေးထားတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ကြ ပါတယ်။
၂၀၂၅ ခုနှစ်မှာ ကျား/မ အခြေပြု အကြမ်းဖက်မှုကို နိုင်ငံအဆင့် ဘေးအန္တရာယ်ကြီးတခုအဖြစ် ကြေညာခဲ့ရတဲ့ တောင်အာဖရိကနိုင်ငံမှာ လူသတ်မှုတွေကြောင့် အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဒေါသစိတ်တွေ ပြန်မြင့်လာခဲ့ပါတယ်။
အာရုံစိုက်မှုတွေ တိုးလာပြီး တာဝန်ရှိသူတွေရဲ့ ကတိကဝတ်တွေရှိပေမဲ့ ပိုမိုလုံခြုံတယ်လို့ ခံစားရတဲ့အထိတော့ ထိရောက်မှုမရှိလှဘူးလို့ အမျိုးသမီးအများစုက ပြောပါတယ်။
ထိခိုက်နစ်နာခဲ့ရသူ အများစုက အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်အရွယ်တွေပါ။ တချို့ကို အဝတ်အစားတွေ ချွတ်ထားလျက်သား အခြေအနေမျိုးနဲ့ တွေ့ရပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရတဲ့ လက္ခဏာတွေ ရှိနေပါတယ်။
တောင်အာဖရိကမှာ ဒီလို အကြမ်းဖက်မှုတွေကို ပုံမှန်ဖြစ်ရပ်တခုအဖြစ် လက်ခံကျင့်သားရနေလို့ မဖြစ်နိုင်ဘူးလို့ တောင်အာဖရိကသမ္မတ စီရယ်လ်ရာမာဖိုဆာက စက်တင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရာမှာ အသေးစိတ် အချက်အလက်အားလုံးကို စေ့စပ်သေချာအောင် စုံစမ်းဖော်ထုတ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ တောင်အာဖရိက ရဲတပ်ဖွဲ့လုပ်ငန်းစဉ်တွေဟာ အဂတိလိုက်စားမှုနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေ မလုံလောက်မှုတို့ကြောင့် အားနည်းနေပါတယ်။ လူသတ်မှုဖြစ်စဉ် ၁၀ ခုမှာ တခုလောက်သာ ဖော်ထုတ်ဖြေရှင်းနိုင်လေ့ရှိပါတယ်။
Source: Reuters











