
ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေးလဲလှယ်ရောင်းဝယ်ရေး ပလက်ဖောင်း Binance ဟာ ဒေါ်လာ ၆ဒသမ ၃ ဘီလီယံအထိ စံချိန်တင်အခိုးခံလိုက်ရတဲ့ ဟက်ကာတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရာမှာ ပေါက်ကြားသွားတဲ့ လက်ပ်တော့ပ်ကွန်ပြူတာတလုံးအပါအဝင် လုံခြုံရေးကျိုးပေါက်တဲ့ အချက်အလက်အချို့ကို တွေ့ရှိထားပြီး နောက် ၄၅ နာရီအတွင်း ငွေထုတ်ယူမှုတွေကို ပြန်စနိုင်မယ်လို့ မျှော်လင့်ကြောင်း အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။
ဒါဟာ ရှုပ်ထွေးဆန်းပြားတဲ့ တိုက်ခိုက်မှုတခု ဖြစ်တယ်လို့ Binance က ပြောဆိုပြီး တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေ၊ လုပ်ငန်းတူ မိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေသလို၊ လိုအပ်တဲ့ အချက်အလက်တွေကိုလည်း ဆက်လက်စုဆောင်းနေတုန်းပဲလို့ သူတို့ရဲ့ တရားဝင် X အကောင့်မှာ ထုတ်ပြန်ထားပါတယ်။
Binance က ဒီဖြစ်စဉ်ကို အောက်တိုဘာ ၂၉ ရက်မှာ စတင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုးကို ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတုန်းက ပြိုင်ဘက် ခရစ်ပတိုအလဲအလှယ်လုပ်ငန်း Bybit ထံကနေ စံချိန်တင် အခိုးခံခဲ့ရတဲ့ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံထက် နီးပါး ၄ ဆလောက် ပိုများနေတာ ဖြစ်ပါတယ်။
လတ်တလော စုံစမ်းစစ်ဆေးမှုအခြေအနေတွေအရ ပါသွားတဲ့ ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၃ ဘီလီယံနီးပါးကို တားဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း Binance က ဆိုပါတယ်။
ထိခိုက်သွားတဲ့ သုံးစွဲသူတွေရဲ့ ဆုံးရှုံးမှုအားလုံးကိုလည်း ကုမ္ပဏီရဲ့ အရေးပေါ် အာမခံရန်ပုံငွေ (SAFU) နဲ့ ကုမ္ပဏီဘဏ္ဍာထဲကနေ အပြည့်အဝ အစားလျော်ပေးသွားမယ်လို့ ကတိပြုထားပါတယ်။
လက်ရှိမှာ ကြိုတင်ကာကွယ်မှုအနေနဲ့ ငွေထုတ်ယူမှုတွေကို ယာယီပိတ်ထားတာကြောင့် ထပ်မံ ငွေယိုစီးမှုတွေ ရပ်တန့်သွားခဲ့ပြီး ငွေသွင်းမှုအပိုင်းကတော့ ပုံမှန်အတိုင်း ထိခိုက်မှုမရှိ ဆက်လက်အလုပ်လုပ်နေပါတယ်။
ဒေတာအချက်အလက်တွေကို လုံခြုံစိတ်ချရဆုံးနဲ့ သိမ်းဆည်းပေးနိုင်တဲ့ ဒီဂျစ်တယ် စာရင်းအင်းစနစ် သုတေသနအဖွဲ့တွေဖြစ်တဲ့ TRM Labs နဲ့ Chainalysis တို့ကတော့ ဒီတိုက်ခိုက်မှုဟာ မြောက်ကိုရီးယားနဲ့ ဆက်နွှယ်နေတဲ့ ဟက်ကာအဖွဲ့တဖွဲ့ရဲ့ လက်ချက်ဖြစ်ပုံရတယ်လို့ သုံးသပ်ထားကြပါတယ်။
Source: Reuters











