
ကမ္ဘာ့အကြီးဆုံး ခရစ်ပတိုငွေကြေးအရောင်းအဝယ်ပြုလုပ်ပေးတဲ့ Binance ဟာ ဘဏ္ဍာရေးအရ အရမ်းကို တောင့်တင်းခိုင်မာတဲ့ အခြေအနေမှာ ရှိနေပါတယ်လို့ Binance ပလက်ဖောင်းရဲ့ ပူးတွဲ စီအီးအို ရစ်ချတ်တန်င်က နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။
ဟောင်ကောင်မှာ ပြုလုပ်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာပွဲတော် (Hong Kong Fintech Week) မှာ ရစ်ချတ်တန်င်က အခုဆိုရင် နာရီအလိုက် ငွေဝင်/ငွေထွက် ပြုလုပ်မှုတွေဟာ "ပုံမှန်နီးပါး ပြန်ဖြစ်သွားပြီ" ဖြစ်သလို၊ သမိုင်းမှာ အကြီးမားဆုံး ဖြစ်နိုင်တဲ့ ဒီဆိုက်ဘာခိုးယူမှုကြောင့် ထိခိုက်သွားခဲ့တဲ့ တိုကင်တွေရဲ့ ၉၅ ရာခိုင်နှုန်းကိုလည်း ပြန်ဖြည့်ပေးထားပြီးပြီလို့ ရစ်ချတ်တန်က ပြောပါတယ်။
ဆုံးရှုံးမှုတွေကို သုံးစွဲသူတွေအတွက် သီးသန့်ဖယ်ထားတဲ့ အရေးပေါ်ရန်ပုံငွေ (SAFU) နဲ့ ကုမ္ပဏီရဲ့ တခြား ရန်ပုံငွေတွေထဲကနေ ကျခံစိုက်လျော်ပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၅ ရာခိုင်နှုန်းသော တိုကင် တွေက အရောင်းအဝယ် နည်းတာကြောင့် အရောင်းအဝယ် တိုက်ရိုက်လုပ်တဲ့ ကုန်သည်တွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ပြန်ဖြည့်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း သူက ဆိုပါတယ်။
နိုဝင်ဘာ ၂ ရက် တနင်္လာနေ့အထိ သုံးစွဲသူတွေ ထုတ်ယူသွားတဲ့ အသားတင်ငွေပမာဏဟာ ဒေါ်လာ ၄ ဒသမ ၇၂ ဘီလီယံ ရှိတယ်လို့ Binance က အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါဟာ စနစ်ထဲမှာရှိတဲ့ စုစုပေါင်း ပိုင်ဆိုင်မှုရဲ့ ၃ ရာခိုင်နှုန်း ဝန်းကျင်ပဲ ရှိတာကြောင့် သုံးစွဲသူတွေရဲ့ ယုံကြည်မှုဟာ ပျက်ပြားမသွားဘဲ ခိုင်မာစွာရှိနေဆဲဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြ ပါတယ်။
ထုတ်ယူမှုအများစုကတော့ ပြင်ပ အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးတူ တွက်ချက်တဲ့ Tether ရဲ့ USDT စတေဘယ်လ် ကွိုင်တွေ ဖြစ်ပါတယ်။
ခရစ်ပတို လောကတခုလုံး ရိုက်ခတ်သွားခဲ့တဲ့ ဒေါ်လာ ၆ ဘီလီယံကျော် တန်ဖိုးရှိ ခရစ်ပတို ပိုင်ဆိုင်မှုတွေ ခိုးယူခံရမှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယားရှိနေတယ်လို့ FBI က သီတင်းပတ်ကုန်မှာ ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားကတော့ ဒီစွပ်စွဲချက်တွေကို "အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်" လို့ ငြင်းဆိုထားပါတယ်။
အောက်တိုဘာ ၂၉ ရက် GMT စံတော်ချိန် ည ၈ နာရီကျော်ပြီး မကြာခင်လေးမှာပဲ ဟက်ကာတွေက စတင်တိုက်ခိုက်ခဲ့ပြီးနောက် မိနစ် ၂၀ အကြာ အတွင်းမှာပဲ ဒေါ်လာ ၆ ဘီလီယံကျော်ဖိုး ခိုးယူမှုကို ပြီးစီးအောင် လုပ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ ဘလော့ချိန်းမှတ်တမ်းတွေအရ သိရပါတယ်။
Binance ဟာ ကမ္ဘာတဝန်းမှာ သုံးစွဲသူ သန်း ၃၃၅ ကျော်ရှိပြီး ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေနဲ့ စာချုပ် အရောင်းအဝယ်အပါအဝင် တရက်ကို ပျမ်းမျှ အရောင်းအဝယ်ပမာဏ ဒေါ်လာ ၉၅ ဘီလီယံ ရှိတဲ့ လဲလှယ်ရေးစနစ်တခု ဖြစ်ပါတယ်။
Source: Reuters











