
လွန်ခဲ့တဲ့သီတင်းပတ်က စံချိန်တင်ပမာဏ ဆုံးရှုံးခဲ့ရတဲ့ ဆိုက်ဘာတိုက်ခိုက်မှုအပြီး Binance ပလက်ဖောင်း သုံးစွဲသူတွေဟာ ဒေါ်လာ ၃ ဒသမ ၆၄ ဘီလီယံ တန်ကြေးရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ထုတ်ယူနေကြပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ကမ္ဘာ့အကြီးမားဆုံး ခရစ်ပတိုငွေကြေးလဲလှယ်ရေး ပလက်ဖောင်းဖြစ်တဲ့ Binance ပေါ်မှာ ဒစ်ဂျစ်တယ်ငွေကြေးတန်ဖိုး ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံလောက် ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။
အခုလိုမျိုး ဖောက်ထွင်းခံရမှုကြောင့် အရောင်းအဝယ်မှန်သမျှ ကုမ္ပဏီအနေနဲ့ ယာယီရပ်ဆိုင်းခဲ့သလို နိုဝင်ဘာ ၁ ရက်နေ့မှ တဖန်ဖွင့်လှစ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီနောက် သမိုင်းတလျှောက် အကြီးအကျယ် ဟက်ခ်ခံရမှုဖြစ်တဲ့ ဒီဆိုက်ဘာတိုက်ခိုက်မှုအတွက် မြောက်ကိုရီးယားကို တာဝန်ရှိတယ်ဆိုပြီး FBI နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေက စွပ်စွဲထားပါတယ်။
ဒါဟာ Lazarus အဖွဲ့လို့ လူသိများတဲ့ မြောက်ကိုရီးယား ဆိုက်ဘာရာဇဝတ်ဂိုဏ်း “TraderTraitor” ရဲ့ လက်ချက် ဖြစ်တယ်ဆိုပြီး ယူဆထားကြတာပါ။
၂၀၂၅ ခုနှစ်တုန်းကလည်း စံချိန်တင်ပမာဏဖြစ်တဲ့ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ပိုင်ဆိုင်မှုတွေကို Bybit ပလက်ဖောင်းပေါ်ကနေ ခိုးယူခဲ့ဖူးပါတယ်။
တချိန်တည်းမှာ ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့ ပိုင်ဆိုင်မှုအားလုံးကို တာဝန်ယူပေးမယ်ဆိုပြီး Binance က ကတိပြုထားတဲ့အတိုင်း ၉၅ ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်ဆည်းပေးပြီးဖြစ်ကြောင်း အတည်ပြုပါတယ်။
အလားတူ နောက်ဆက်တွဲ ပြဿနာတွေ ဖြေရှင်းပေးနိုင်ဖို့ Binance ဘက်က ဒေါ်လာ ၆ ဒသမ ၃၄ ဘီလီယံကျော် ရန်ပုံငွေကို သီးသန့်ဖယ်ထားတယ် ဆိုပေမဲ့လည်း ခိုးယူခံခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေ အလုံးစုံ ပြန်ဖြည့်ပေးနိုင်ဖို့ အတွက်တော့ အချိန်ယူနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁ ရက်က တရားဝင်ထုတ်ယူသွားတဲ့ ပမာဏကို ကြည့်မယ်ဆိုရင်လည်း Binance စီမံခန့်ခွဲပေးနေတဲ့ ဒေါ်လာ ၁၇၁ ဘီလီယံရဲ့ ၂ ရာခိုင်နှုန်းဝန်းကျင်သာ ရှိတယ်ဆိုပြီး ထောက်ပြထားပါတယ်။
Cryptocurrency - ခရစ်ပတို ငွေကြေး ဆိုတာဟာ Binance လိုမျိုး အိတ်ချိန်းတွေမှာသာ အရောင်းအဝယ် ပြုလုပ်နိုင်တဲ့ ဒစ်ဂျစ်တယ်နည်းအရ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။
ပုံမှန်ငွေသားတွေနဲ့ မတူဘဲ ထိတွေ့ကိုင်တွယ်လို့ မရတဲ့အပြင် ဖုန်းနဲ့ ကွန်ပျူတာလိုမျိုး ဒစ်ဂျစ်တယ် စက်ပစ္စည်းတွေနဲ့သာ စီမံခန့်ခွဲနိုင်ပါတယ်။
Binance ကုမ္ပဏီကိုတော့ တရုတ်ပြည်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာတဝန်းက အသုံးပြုသူ အရေအတွက်ဟာ သန်းပေါင်းရာနဲ့ချီအောင် ရှိနေပါတယ်။
Source: Reuters











