
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ၄ ရက်အတွင်း ယာဉ်တိုက်မှုနဲ့ မတော်တဆမှု ၆ ခု ဖြစ်ခဲ့တယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စက်တင်ဘာ ၂၀ ရက် ဒီမနက် ၇ နာရီ ၁၅ မိနစ်လောက်က နေပြည်တော်ကနေ ရန်ကုန်ကို အပြန်လမ်း မိုင်တိုင် ၁၉/၇ နဲ့ ၂၀/၆ ကြားမှာ ယာဉ်မောင်းပါ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက် ပါလာတဲ့ Mini Van ဟာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းမှာ ကာထားတဲ့ Guard Rail တန်းတွေကို ဝင်တိုက်မိလို့ လမ်းလယ်ကျွန်းရေမြောင်းထဲ ကျသွားခဲ့ပြီး ပါလာသူတွေတော့ ဒဏ်ရာမရဘူးလို့ ဆိုပါတယ်။
စက်တင်ဘာ ၁၉ ရက် မနက်အစောပိုင်း ၁၂ နာရီ ၁၀ မိနစ်လောက်ကလည်း နေပြည်တော်ကနေ ရန်ကုန်ကို အပြန်လမ်း မိုင်တိုင်၁၆၈/၅ နဲ့ ၁၆၈/၆ ကြားမှာ ယာဉ်မောင်းအမျိုးသမီးနဲ့ အမျိုးသား ၁ ယောက်ပါလာတဲ့ Mark ll ကားဟာ ယာဉ်မောင်းအိပ်ငိုက်လို့ အရှိန်မထိန်းနိုင်ဘဲ Guard Rail တန်းတွေကို ဝင်တိုက်မိခဲ့ပြီး ပါလာသူတွေတော့ ဒဏ်ရာမရခဲ့ပါဘူး။
စက်တင်ဘာ ၁၉ ရက် ည ၁၁ နာရီ ၁၅ မိနစ်လောက်ကလည်း ရန်ကုန်က နေပြည်တော် အသွားလမ်း မိုင်တိုင် ၈၂/၇ မှာ ယာဉ်မောင်းပါ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁ ယောက် ပါလာတဲ့ Honda Fit Shuttle ကားဟာ ရုတ်တရက်လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့ပါတယ်။
ကားပေါ်ပါသူတွေ ဒဏ်ရာမရပေမဲ့ ဆိုင်ကယ်ပေါ်က အမျိုးသား ၂ ယောက်ကတော့ ဒဏ်ရာရပြီး ဖြစ်စဉ်ကို ကားပေါ်ပါသူတွေက မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်းကို သတင်းပို့ခဲ့လို့ ဆိုင်ကယ်မောင်းသူကို အမှုဖွင့်ထားပါတယ်။
စက်တင်ဘာ ၁၈ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲလောက်က ရန်ကုန်ကနေ မန္တလေးကို အသွားလမ်း မိုင် ၁၆၇/၆ မှာ ယာဉ်မောင်းပါ အမျိုးသား ၁၂ ယောက် ပါလာပြီး ကျွဲကောသီးအိတ် ၁ တန်လောက် တင်လာတဲ့ ရွှေလရောင် ခရီးသည်တင် Express ကားဟာ အရှိန်မထိန်းနိုင်ဘဲ အတွင်းယာဉ်ကြော ကပ်လျက် မြေသားလမ်းပခုံးကို ရောက်ရှိရပ်တန့်ခဲ့ပြီး လူတွေ ဒဏ်ရာရတာတော့ မရှိပါဘူး။
အဲဒီမနက် ၈ နာရီ မိနစ် ၂၀ လောက်က နေပြည်တော်က ရန်ကုန်ကို အပြန်လမ်း မိုင်တိုင် ၁၇၉/၅ နဲ့ ၁၇၉/၆ ကြားမှာ ယာဉ်မောင်းပါ အမျိုးသား ၂ ယောက် လိုက်ပါလာတဲ့ ငှက်ပျောသီးတင် Light Truck ဟာ ယာဉ်မောင်း အိပ်ငိုက်လို့ လမ်းလယ်ကျွန်းကို ဝင်တိုက်တိမ်းမှောက်ခဲ့ပြီး လူတွေတော့ ဒဏ်ရာမရပါဘူး။
စက်တင်ဘာ ၁၇ ရက် ည ၁၁ နာရီ မိနစ် ၅၀ လောက်က နေပြည်တော်ကနေ မန္တလေးကို အသွားလမ်း မိုင်တိုင် ၃၅၃/၇ နဲ့ ၃၅၄/၀ ကြားမှာ လိုင်စင်မဲ့ Honda Fit ကားတစီးဟာ လမ်းကနေ ၂၅ ပေအကွာ မြေသားလမ်းပုခုံးမှာ ပက်လက်လန်နေတာကိုတွေ့ရပြီး လူတွေကတော့ မရှိတော့ပါဘူး။
ယာဉ်မောင်းကို အမှုဖွင့်ထားပြီး အဲဒီကားမှာပါတဲ့ နံပါတ်နဲ့ တိုးဂိတ်တွေကနေ ဖြတ်သန်းတဲ့ မှတ်တမ်း မရှိတာကြောင့် တရားမဝင်လမ်းတခုခုကနေ အမြန်လမ်းကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ ဧပြီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ်၊ မတ် ၂၉ အထိ အမြန်လမ်းမှာ ယာဉ်မတော်တဆမှု ၁၇၄ မှုဖြစ်ပြီး လူ ၈၂ ယောက်သေဆုံး၊ အယောက် ၂၆၀ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။











