
တပ်ချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ကာကွယ်ရေးဦးစီးချုပ်(လေ) နေရာကို စစ်ဦစီးချုပ် အရာရှိချုပ် (လေ) တာဝန်ယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ဧပြီ ၂၀ ရက်က ခန့်လိုက်တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အရင်က ကာကွယ်ရေးဦးစီးချုပ် (လေ) နေရာကို တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးထွန်းအောင်ကို စစ်အာဏာရှင် မင်းအောင်လှိုင်က ကြံ့ခိုင်ရေးအစိုးရသစ်မှာ ကာကွယ်ရေးဝန်ကြီးတာဝန် ပေးလိုက်တဲ့အတွက် လစ်လပ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)နေရာကို ဒုဗိုလ်ချုပ်ကြီး ထွန်းဝင်းကို ခန့်လိုက်တာလို့ နေပြည်တော်သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။
"စစ်ဦးစီးချုပ်အရာရှိချုပ်(လေ)ကနေ လေတပ်ရဲ့ ကာချုပ်ဖြစ်သွားပေမဲ့ ရာထူးကတော့ မပြောင်းသေးဘူး၊ ဒုဗိုလ်ချုပ်ကြီးအဆင့်ပဲ ရှိသေးတယ်။ သူတင်မဟုတ်ဘူး တပ်ချုပ်ရော၊ ဒုချုပ် ရော၊ ညှိကွပ်ရော အရင်ရာထူးတွေက အတိုင်းပဲရှိသေးတယ်။"
စစ်ဦးစီးချုပ်အရာရှိချုပ် (လေ) ရာထူးတိုးမြှငံခံရ ပြီးနောက် ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ကရင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို ဦးဆောင်ခဲ့တာကြောင့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လေတပ်အကြီးအကဲအဖြစ် ခန့်လိုက်တာလို့ လေတပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"အရင်က အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှာ ဌာနမှူး ဖြစ်ကတည်းက မကွေးနဲ့ စစ်ကိုင်းမှာ ဗုံးကြဲ လက်စွမ်းပြခဲ့တာ ဗိုလ်ချုပ်ထွန်းဝင်းပဲ။ ရာထူးတိုးသွားတော့ ရခိုင်စစ်ဆင်ရေးမှာ လေကြောင်း တိုက်ခတ်မှုကို သူပဲ ဦးဆောင်တာ။ ခြေလျင်ခြေမြန် တပ်မိသားစုဝင်တွေဆို သူကို အတော်မုန်းတာ။”
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်မှာ စစ်ခေါင်းဆောင်က စစ်ဦးစီးချုပ်အရာရှိချုပ်(လေ) ဒုဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကို အနားပေးပြီး မကွေးအခြေစိုက် အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်းကို ဒုဗိုလ်ချုပ်ကြီး အဆင့်ရာထူးတိုးပေးပြီး အစားထိုးခန့်ခဲ့ပါတယ်။
လေတပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီးထွန်းဝင်းဟာ DSA အပါတ်စဥ် ၃၄ ကျောင်းဆင်းဖြစ်ပြီး သူနဲ့အပါတ်စဥ်တူသူတွေကတော့ ဒုလေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် စန်းယုနိုင်၊ ဒုလေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဗိုလ်ချုပ်နေမျိုးဦး၊ သံချပ်ကာ ယန္တရား ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထူးမြတ်တိုး တို့ ဖြစ်ပါတယ်။
စစ်အာဏာရှင် လက်အောက်ခံ လေတပ်ဟာ တိုင်းရင်းသားဒေသတွေအပါအဝင် မြန်မာနိုင်ငံအနှံ့မှာ အရပ်သားပြည်သူတွေ၊ ဆေးရုံ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းနဲ့ ဘာသာရေး အဆောက်အုံ တွေကို အကြမ်းဖက် ဗုံးကြဲတိုက်ခိုက် စစ်ရာဇဝတ်မှုတွေ အဓိက ကျူးလွန်နေတဲ့ တပ်လည်း ဖြစ်ပါတယ်။











