DVB Logo
Home
မြန်မာသတင်း
တီးတိန်တွင် ထွက်ပြေးသုံ့ပန်းများကို လိုက်ရှာရာမှတိုက်ပွဲဖြစ်၊ သင်းအုပ်ဆရာ ကျည်သင့်သေဆုံး
DVB
·
September 15, 2026
Photo : Joshua Zomi
Photo : Joshua Zomi
Donate to DVB

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ Zoland-PDF ရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေကို လိုက်လံရှာဖွေရာကနေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တာဝန်ထမ်းဆောင်ရာကနေ ပြန်လာတဲ့ နှစ်ခြင်းအသင်းတော် သင်းအုပ်ဆရာတယောက် ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

တီးတိန်မြို့နယ်အတွင်း Zoland-PDF ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း အယောက် ၈၀ ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် ညနေက အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။ အဲ့ဒီနောက် တော်လှန်ရေးအင်အားစုတွေက ဆက်လက်လိုက်လံရှာဖွေရင်း စက်တင်ဘာ ၁၄ ရက်မှာ ကပ်တဲလ်ချောင်းအနီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီတိုက်ပွဲဖြစ်ပွားချိန်မှာပဲ Tuitawh ကျေးရွာကနေ ရောက်ရှိလာတဲ့ လမ်းဇံနှစ်ခြင်းအသင်းတော်က သိက္ခာတော်ရ သင်းအုပ်ဆရာ ရစ်ဗ်-ဒါလ်ထောင်မ်တွမ် (Rev. Dal Thawn Tuang) ဟာ တိုက်ပွဲဖြစ်ပွားရာနေရာကို ရောက်ရှိလာပြီး ကျည်ထိမှန် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး DVB ရဲ့ စစ်ရေးရင်းမြစ်က "စစ်သုံ့ပန်းတွေကို လိုက်ဖမ်းရင်းက ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲကြားမှာ ညှပ်သွားပုံရတယ်။ အသေးစိတ်ကို သက်ဆိုင်ရာကနေ ထုတ်ပြန်ပါလိမ့်မယ်။ အယောက် ၈၀ ထဲကနေ ပြန်ဖမ်းမိတာလည်း ရှိပါတယ်" လို့ ပြောပါတယ်။

Zoland-PDF တပ်ဖွဲ့ဝင်တွေက နောက်ယောင်ခံ လိုက်လံရှင်းလင်းရင်း ကပ်တဲလ်ချောင်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သုံ့ပန်းအချို့ကို ပြန်လည်ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဘယ်နှယောက် ပြန်လည်ဖမ်းဆီးရမိတယ်ဆိုတာကိုတော့ DVB အနေနဲ့ Zoland-PDF ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ သတင်းရေးသားချိန်အထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပါဘူး။

ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲမှာတော့ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ တပ်ကြပ်ကြီး အဆင့်ရှိသူတွေနဲ့ ပြည်သူ့စစ် အများစုပါဝင်ပြီး ကနေဒီတိုက်ပွဲနဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေက ဖမ်းမိထားသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလို သင်းအုပ်ဆရာ ကျဆုံးသွားတဲ့အပေါ် ဇိုမီးလူငယ်အသင်း (ZYA) က စက်တင်ဘာ ၁၄ ရက်စွဲနဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပြီး ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၆ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013