
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာ စစ်တပ်စခန်းကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ကော့ရွာအုပ်ချုပ်ရေးမှူးရဲ့ သမီးဖြစ်သူ ဗုံးစထိမှန် သေဆုံးခဲ့ပြီး နောက်ထပ် ဒေသခံ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၄ ရက် မနက် ၁၁ နာရီက ရွှေဘိုမြို့နယ်၊ ကော့ကျေးရွာက စစ်တပ်အထိုင်စခန်းကို ကျောက်မြောင်းမြို့ ခလရ-၁၂ တပ်ကထွက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံစစ်ကြောင်း ရောက်ရှိနေချိန်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီလို တိုက်ခိုက်ခံရတဲ့အတွက် ကော့ရွာစစ်တပ်အထိုင်စခန်းဘက်က လက်နက်ကြီး ၁၀ လုံးထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုတွေအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ဝင်းထဲမှာ ၁ လုံးနဲ့ တခြားနေအိမ်တွေအတွင်းမှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူးရဲ့ ၃၅ နှစ်အရွယ် သမီးဖြစ်သူဟာ ဗုံးစထိမှန် သေဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် အသက် ၅၅ နှစ်နဲ့ ၄၅ နှစ်ခန့်အရွယ် ဒေသခံပြည်သူ ၂ ယောက်လည်း ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ကျောက်မြောင်းကနေ ရွှေဘိုဝင်မဲ့ စစ်ကြောင်းက ကော့ရွာကို တည ဝင်နားတာ၊ မနက်ပြန်ထွက်မဲ့အချိန် တော်လှန်ရေးအဖွဲ့တွေက ဒရုန်းချတာ။ သူတို့ကလည်း လက်နက်ကြီးနဲ့ ပြန်ထုတယ်။ ရွာထဲ ၃ လုံးကျတယ်။ အုပ်ကြီးအိမ်ကျတဲ့အလုံးက အုပ်ကြီးသမီး ပွဲချင်းပြီးသေတယ်။ အခြားအိမ်ကျတဲ့အလုံးက ၂ ယောက် ထိတယ်၊ မစိုးရိမ်ရပါဘူး။ စစ်တပ်က သူတို့ လူထိလို့လား မသိဘူး၊ လက်နက်ကြီးတွေနဲ့ အနီးအနားကရွာတွေကို မတရားပစ်ခတ်နေတယ်။ အဖမ်းခံရသူတွေလည်း ရှိတယ်။ ထွက်ပြေးနေရလို့ အခြားရွာတွေက ထိခိုက်မှုကိုတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
စဉ့်ကူးဘက်ကနေ ရွှေဘိုလေ့ကျင့်ရေးတပ်ကို တပ်ပြန်ခေါက်လာတဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အား ၂၀၀ ကျော်ပါတဲ့ အဲဒီစစ်ကြောင်းဟာ ကျောက်မြောင်းမြို့ ခလရ-၁၂ တပ်ကနေတဆင့် ရွှေဘိုမြို့နယ်၊ ကော့ရွာစစ်တပ်အထိုင်စခန်းမှာတည ဝင်ရောက်ရပ်နားတုန်း အခုလို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကို ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ကြောင်းကြိုဆိုဖို့ မလာမနေရ ဖိအားပေး ဆင့်ခေါ်ထားခံရတဲ့ ဒေသခံပြည်သူ အမျိုးသား၊ အမျိုးသမီး ၂၀ လောက်ကိုလည်း ကော့ရွာစစ်တပ်အထိုင်စခန်းက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။











