
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာက အမျိုးသမီးငယ်တယောက် အဓမ္မကျင့် သတ်ဖြတ်ခံရတဲ့ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ ပါဝင်ပတ်သက်သူအားလုံးကို တရားဥပဒေအရ ထိထိ ရောက်ရောက် အရေးယူပေးဖို့ နစ်နာသူ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ်ဟာ ဇူလိုင် ၁၈ ရက် နေ့လယ်ပိုင်းက သူ့ရဲ့ဇာတိ အောင်ဆိပ် ကျေးရွာကနေ ရွာနီးချင်း ယိုးတရုတ်ရွာကို သွားရောက်တုန်း ပျောက်ဆုံးခဲ့ပြီး ဇူလိုင် ၂၂ ရက် ညနေပိုင်းက တန်းစွယ်ကျေးရွာအနီးဥယျာဥ်ခြံတခုအနားမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းကိုပဲ တွေ့ရှိခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
နောက်ပြန်လက်ထိတ်ခတ်ထားသလို၊ ခြေတွေကိုလည်း ပူးချည်ပြီး ခန္ဓာကိုယ်အနှံ့မှာလည်း ဓားဒဏ်ရာတွေ တွေ့ရသလို အဓ္မပြုကျင့်ခံထားရတဲ့ လက္ခဏာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
မိသားစုဝင်တယောက်က “ဇူလိုင်လ ၁၈ ရက်နေ့က သူငယ်ချင်းတွေနဲ့ မြောင်မှာ ရေကစားဖို့ဆိုပြီး သွားဖို့ လုပ်နေကြတာ။ အဲဒီမှာ သူက ယိုးတရုတ်မှာ အသိတယောက်နဲ့ တွေ့စရာရှိလို့ ယိုးတရုတ်ကို သူငယ်ချင်းတွေထက် ရှေ့ကထွက်သွားတာ။ အဲဒီမှာ ပြန်ရောက်မလာတော့ဘဲ ပျောက်သွားတာ။ ကျနော်တို့က အိမ်ကိုမရောက်တော့ လိုက်ရှာပေမဲ့လည်း မတွေ့ဘူး။ ဇူလိုင်လ ၂၂ ရက်နေ့မှပဲ ဒီလပ်က သူ့ရဲ့အလောင်းကို တွေ့တယ်ဆိုပြီး သတင်းပို့လာတယ်။ အလောင်းမှာတော့ ဒဏ်ရာ ဒဏ်ချက်တွေ အများကြီးနဲ့တွေ့တယ်။ အလောင်းတွေ့တဲ့နေရာမှာ ဓာတ်ပုံတွေအရဆို သူ့ကို နောက်ကျောကနေ လက်ထိတ်ခတ်ထားပြီးတော့၊ အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာတွေလည်း တွေ့ရ တယ်လို့ ဆေးစစ်ချက်တွေအရသိရတယ်” လို့ပြောပါတယ်။
ယိုးတရုတ်ကျေးရွာအနီး စစ်ဘေးရှောင်နေတဲ့ သူ့ရဲ့အသိ အမျိုးသားတယောက်က ကိစ္စတခုရှိလို့ ဆိုပြီး ဆက်သွယ်ခေါ်ဆောင်ခဲ့တာလို့ မိသားစုဝင်တွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
မိန်းကလေးကို ယိုးတရုတ်ကျေးရွာကို ခေါ်ဆောင်ခဲ့တဲ့ ဦးမောင်တင်ဝင်း ဆိုသူအပါဝင် ၃ ယောက်ကို သံသယတရားခံအဖြစ် ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒီလပ်က ဇူလိုင် ၂၄ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။
သံသယတရားခံအဖြစ် ဖမ်းဆီးခံထားရသူထဲကတယောက်ဟာ မိန်းကလေးတို့အိမ်နားမှာ စစ်ဘေးရှောင်အဖြစ် ၂ လကြာ သူ့ရဲ့မိသားစုနဲ့ နေထိုင်ခဲ့သူဖြစ်ပြီး သေဆုံးသူမိန်းကလေးကို ULA/AA ရဲ့ ပါတီဝင်အဖြစ် ဝင်ရောက်ဖို့ စည်းရုံးမှုတွေ ရှိခဲ့တယ်လို့လည်း နီးစပ်သူတွေဆီက သိရပါတယ်။
ရုပ်အလောင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပဲ ကိုင်ဆောင်ခွင့်ရှိတဲ့ လက်ထိတ်ခတ်ပြီး တွေ့ရတာ ကြောင့် မိသားစုဝင်နဲ့ ဒေသခံတွေက သံသယတွေရှိနေကြသလို အမှုမှန်ပေါ်ပေါက်ဖို့ကိုလည်း ULA/AA ကို တောင်းဆိုတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
မိသားစုဝင်တယောက်က “အလောင်းမှာ လက်ထိတ်တွေ့ရတာက သံသယဖြစ်စရာရှိတယ်။ လက်ထိတ်ဆိုတာ သာမန်ပြည်သူတွေ ကိုင်ခွင့်မရှိဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပဲ ကိုင်ရတာဆိုတော့ သံသယဖြစ်စရာတော့ရှိတယ်။ ကျနော်တို့ မိသားစုဝင်တွေကတော့ အမှုမှန်ကို အမြန်ဆုံး ပေါ်ပေါက်ပြီး ပါဝင်သူအားလုံးကို တရားဥပဒေအရ ထိရောက်စွာအရေးပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တောင်းဆိုချင်တယ်” လို့ပြောပါတယ်။
သေဆုံးသူ ပျောက်ဆုံးခဲ့တဲ့ ယိုးတရုတ်ကျေးရွာနဲ့ အလောင်းတွေ့ရှိရတဲ့ တန်းစွယ်ကျေးရွာဟာ အနည်းဆုံး ၁၅ မိုင် လောက်ဝေးတယ်လို့ သိရပါတယ်။
အခုအမှုဟာ အမျိုးသမီးတရပ်လုံးရဲ့လုံခြုံမှုကို စိန်ခေါ်လိုက်တာဖြစ်ပြီး အစိုးရအနေနဲ့ အမှုမှန် ဖော်ထုတ်နိုင်ဖို့နဲ့ ထိရောက်တဲ့ အရေးယူမှုတွေကို ပွင့်လင်းမြင်သာစွာချပြဖို့ လိုအပ်တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။
“အခုလူသတ်မှုဟာ အတော်လေးကို တုန်လှုပ်စရာကောင်းတဲ့ ဖြစ်ရပ်တခုပဲ။ အမျိုးသမီးငယ် တဦးကို လက်နောက်ပြန် လက်ထိတ်ခတ်ပြီး အဓမ္မပြုကျင့် သတ်ဖြတ်တာဟာ ကျမတသက်မှာ အရက်စက်ဆုံး သတ်ဖြတ်မှုတခုကို ကိုယ်ပတ်ဝန်းကျင်မှာ ပထမဆုံး မြင်တွေ့ရတာဖြစ်တယ်။ အမျိုးသမီးတွေရဲ့ ဘေးကင်းလုံခြုံမှုကို ဘယ်သူတွေက စောင့်ရှောက်ပေးမှာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပြီ။ ကျမ အမျိုးသမီးတယောက်အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ အမှုမှန်ဖော်ထုတ်ပြီး ပါဝင်သူ အားလုံးကို ပွင့်လင်းစွာ အရေးယူမှုတွေ ပြုလုပ်သင့်တယ်” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လစဉ်လတိုင်းလိုလို သက်ငယ်မုဒိန်းမှုနဲ့ မုဒိန်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တရားခံ ဖမ်းဆီးမရတာ၊ ပွင့်လင်းမြင်သာမှုရှိရှိ တရားစီရင်တာတွေမရှိလို့ မရှိတာတွေကြောင့် ပြည်သူတွေက အားမလို အားမရဖြစ်နေကြပါတယ်။











