
ရခိုင်ပြည်နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ မြေပြင်ထိုးစစ်တွေနဲ့အတူ လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ ၈၇ ကြိမ် မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ အကျဉ်းချုံးသာ ပြုလုပ် ခဲ့ကြရတယ်လို့ သိရပါတယ်။
ဆရာတော် ဦးဥတ္တနေ့ကို အရင်နှစ်တွေက ရခိုင်ပြည်နယ်က မြို့နယ်တိုင်းမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပေမဲ့ အခုနှစ်မှာ စစ်အာဏာရှင်တပ်က ရခိုင်က မြို့၊ ရွာတွေကို လေကြောင်း ဗုံးကြဲတာ၊ ရေကြောင်းတိုက်ခိုက်တာတွေနဲ့ မြေပြင် ထိုးစစ်ဆင်နိုင်ဖို့ ကြိုးပမ်းလာလို့ အကျဉ်းချုံး ပုံစံမျိုး ကျင်းပလိုက်ကြတာလို့ ပွဲပြုလုပ်ခဲ့သူတွေဆီက သိရပါတယ်။
ဆရာတော် ဦးဥတ္တမနေ့ကို ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ဝီရဌာနီ(ပေါက်တော)၊ အဉ္စနပူရ (မင်းပြား)၊ ကျောက်ဖြူ စတဲ့မြို့နယ်တွေမှာ အကျဉ်းချုံးပြုလုပ်ခဲ့ကြပါတယ်။
ဆရာတော် ဦးဥတ္တမဟာ စစ်တွေမြို့ ဇာတိ ရခိုင်တိုင်းရင်းသားဖြစ်ပြီး ကိုလိုနီခေတ်မှာ မြန်မာလွတ်လပ်ရေးအတွက် ပထမဆုံး တောင်းဆိုခဲ့တဲ့ ရဟန်းတပါးဖြစ်တာကြောင့် နိုင်ငံတဝန်း ထင်ရှားကျော်ကြားသူလည်း ဖြစ်ပါတယ်။
အဲဒီလို လွတ်လပ်ရေးတောင်းဆိုမှု၊ နိုင်ငံရေးတရား ဟောကြားမှုတွေကြောင့် ဆရာတော် ဦးဥတ္တမဟာ ကိုလိုနီခေတ်က ထောင်အကြိမ်ကြိမ်ကျခံခဲ့ရပြီး ထောင်တွင်းနှိပ်စက်မှု ဒဏ်ရာတွေ ကြောင့် ၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်က ရန်ကုန်မြို့မှာ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။
ဆရာတော် ပျံလွန်တော်မူပြီးနောက် စက်တင်ဘာ ၉ ရက်နေ့ကို ဆရာတော် ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ပြီး ရခိုင်က မြို့နယ်တွေမှာ နှစ်စဉ်နှစ်တိုင်း လွမ်းသူ့ပန်းခွေတွေနဲ့ ဂါရဝါပြုပွဲတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်။











