နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း ပလက်တိုးပြည်နယ်၊ ဘုတ်ကို့စ်ခရိုင်က ရွာတရွာမှာ ပြီးခဲ့တဲ့ပိတ်ရက်က တိုက်ခိုက်ခံရလို့ လူ အယောက် ၂၀ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဇွန် ၂၃ ရက်မှာ ပြောပါတယ်။
အစိုးရဘက်က လုံခြုံရေးတွေ ခဏခဏတိုးမြှင့်ပြီး တိုက်ခိုက်မှုတွေကို နှိမ်နင်းပါမယ်လို့ ကတိပေးနေပေမဲ့လည်း ဒီဒေသမှာ လူမျိုးစုအချင်းချင်း ပဋိပက္ခတွေက ဆက်တိုက် ဖြစ်နေတုန်းပါပဲ။
ပလက်တိုးပြည်နယ်ဟာ လူမျိုးစုံ၊ ကိုးကွယ်မှုစုံလင်ပြီး ကုန်းတွင်းပိုင်းမှာရှိတဲ့ အလယ်ခါးပန်း ဒေသတွေထဲက တခုဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီလိုပဋိပက္ခတွေကြောင့် လူပေါင်းရာချီ သေဆုံးခဲ့ရပါတယ်။
ပလက်တိုးပြည်နယ် ရဲပြောခွင့်ရသူ အဲလ်ဖရက် အာလာဘိုရဲ့ အဆိုအရ တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ တခြားလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ တိုက်ခိုက်သူတွေကို အပြင်းအထန် အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် တိုက်ခိုက်သူတွေ ထွက်ပြေးသွားကြပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာမှာတင် လူ ၁၈ ယောက်သေဆုံးခဲ့ပြီး နောက်ထပ် ၂ ယောက်ကတော့ ဆေးရုံရောက်မှ သေဆုံးသွားခဲ့တာလို့ အာလာဘိုက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သင်းအုပ်ဆရာ အီဇီကီရယ် ဒါချိုမိုက နိုင်ငံရဲ့လုံခြုံရေးစနစ်ဟာ အားကိုးရာမဲ့ဖြစ်နေပြီလို့ ဝေဖန်လိုက်ပြီး၊ အခုလို အစုလိုက်အပြုံလိုက် သင်္ဂြိုဟ်ရတာဟာ နောင်တချိန်မှာ ဒီသင်္ချိုင်းတွေကပဲ သူတို့ရဲ့အနာဂတ်ကို ကာကွယ်ပေးလိမ့်မယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဘုတ်ကို့စ် ဒေသန္တရအစိုးရအဖွဲ့ ဥက္ကဋ္ဌ ဆင်မြူရယ် အာမာလောင်က အခုအချိန်ဟာ တယောက်နဲ့တယောက် အပြစ်တင်နေရမဲ့ အချိန်မဟုတ်ဘဲ စည်းလုံးရမဲ့ အချိန်ဖြစ်ကြောင်း၊ အားလုံးအတူတကွ လက်တွဲပြီး ဘုံရန်သူကို တစိတ်တည်းတဝမ်းတည်း ရင်ဆိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိမှာတော့ ပလတ်တိုးပြည်နယ် ရဲမင်းကြီး ဘက်ဆေး အီဝါးက အဲဒီဒေသကို အထူးရဲတပ်ဖွဲ့နဲ့ နယ်လှည့်ရဲတပ်ဖွဲ့တွေ အပါအဝင် လုံခြုံရေးအင်အားတွေ ထပ်တိုးချထားဖို့ အမိန့်ပေးထားတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ အာလာဘိုက ပြောသွားပါတယ်။











