
ထိုင်းဆန္ဒပြသူတွေဟာ အစ္စရေးနိုင်ငံသားတွေရဲ့ မသင့်လျော်တဲ့ မြေဝယ်ယူမှု နည်းဗျူဟာတွေနဲ့ ခရီးသွားတွေကို စော်ကားတဲ့ အပြုအမူတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အစ္စရေးသံရုံးရှေ့မှာ စက်တင်ဘာ ၁၀ ရက်က ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။
မီဒီယာလုပ်ငန်းရှင်နဲ့ ရှပ်ဝါအဖွဲ့ခေါင်းဆောင်ဟောင်း ဆွန်ဒီ လင်းထောင်ကူးလ် ဦးဆောင်တဲ့ ဆန္ဒပြသူတွေဟာ အစ္စရေးနိုင်ငံသားတွေအနေနဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရည်ရွယ်ချက် တွေအတွက် မြေဧရိယာ အမြောက်အမြား ဝယ်ယူနိုင်ဖို့ နိုင်ငံခြားသားပိုင်ဆိုင်ခွင့် ကန့်သတ်ချက် တွေကို ရှောင်လွှဲခဲ့ကြတယ်လို့ စွပ်စွဲထားကြပါတယ်။
ဒါ့အပြင် တချို့ အစ္စရေးခရီးသွားတွေဟာ ဒေသခံလူထုနဲ့ သဘောထားတင်းမာမှုတွေ ဖြစ်ပေါ် ခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဆန္ဒပြသူတွေဟာ ထိုင်းနိုင်ငံတော်အလံတွေကို ကိုင်ဆောင်ကာ စုဝေးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်တွေက လည်း လုံခြုံရေးအတွက် သံရုံးစည်းရိုးတလျှောက် တာဝန်ယူ စောင့်ကြပ်ခဲ့ကြပါတယ်။
ဆန္ဒပြသူ အနည်းဆုံး တယောက်က ပါလက်စတိုင်းအလံပါရှိတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားတာ ကိုလည်း တွေ့ရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး အလိုနာ ဖစ်ရှာကမ်းနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရက်ပိုင်း အကြာမှာ ဒီဆန္ဒပြပွဲဟာ ဖြစ်ပွားခဲ့တာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်အရ အစ္စရေးသံအမတ်ကြီးက ဒီစိုးရိမ်ပူပန်မှုတွေကို လက်ခံသိရှိထားကြောင်း၊ ဒီကိစ္စကို လျစ်လျူရှုမထားဘဲ အခြေအနေတွေကို အကဲဖြတ်ဖို့ ထိခိုက်ခံ ရတဲ့ ဒေသတွေကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရ ပါတယ်။
Source: Reuters











