DVB Logo
Home
မြန်မာသတင်း
ဆီးနိတ်အမတ် မစ်ချ်မကောနဲလ် ကျန်းမာရေးအတွက် မြန်မာအသိုက်အဝန်းက ဆုတောင်းစကား ပေးပို့  
DVB
·
July 16, 2026
Photo : Mitch McConnell Facebook
Photo : Mitch McConnell Facebook
Donate to DVB

မြန်မာ့ဒီမိုကရေစီအရေး နှစ်ပေါင်းများစွာအကူအညီပေးနေတဲ့ အမေရိကန် အထက်လွှတ်တော် အမတ် မစ်ချ်မကောနယ်လ် ကျန်းမာရေးပြန်ကောင်းလာဖို့ မြန်မာအသိုက်အဝန်းက ဆုတောင်းမေတ္တာစကား ပေးပို့ခဲ့ပါတယ်။

အသက် ၈၄ နှစ်အရွယ် ဆီးနိတ်အမတ် မစ်ချ် မကော်နယ်လ်ဟာ ၂၀၂၆ ဇွန်လလယ်ပိုင်းက နေအိမ်မှာ ချော်လဲကျတာကြောင့် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူခဲ့ရတာပါ။

မစ်ချ်မကောနယ်လ်ဟာ လက်ရှိအချိန်အထိ လွှတ်တော်မှာ တာဝန်ပြန်ထမ်းဆောင်ဖို့ အဆင်သင့် မဖြစ်သေးတဲ့အတွက် မြန်မာအသိုက်အဝန်းက ဇူလိုင် ၁၀ ရက်မှာ ဝါရှင်တန်ဒီစီရှိ သူ့ရုံးခန်းကို သွားရောက်ပြီး ဆုတောင်းမေတ္တာစကားတွေ ပေးပို့ခဲ့ပါတယ်။

ကန်တက်ကီပြည်နယ် ကိုယ်စားပြု ရီပတ်ဘလစ်ကန်ပါတီ ဝါရင့် ဆီးနိတ်အထက်လွှတ်တော်အမတ် မစ်ချ် မကော်နယ်လ်ဟာ အမေရိကန်ပြည်ထောင်စုမှာ သြဇာကြီးမားတဲ့ နိုင်ငံရေးသမား တယောက် ဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီမှာနေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းသမား  မဆုမွန်က “ဆီနိတ်တာ မစ်ချ်မကော်နယ်က ကျမတို့ရဲ့ မြန်မာပြည်ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ရဲ့ လွှတ်တော်အကြီးအကဲတယောက်အနေနဲ့ရော ဆီနိတ်တာ တယောက်အနေနဲ့ရော သူက စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဆီနိတ်တာတယောက် ဖြစ်တယ်၊ နောက်တခုက မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ ဥပဒေပြုရေးဆွဲနိုင်ဖို့အတွက် လွှတ်တော်ထဲမှာလည်း သူက တစိုက်မတ်မတ်နဲ့ကို ဦးဆောင်ဦးရွက်ပြုပြီး ဥပဒေပြုခဲ့တဲ့ အမတ်တယောက်လည်း ဖြစ်တယ်၊ မြန်မာပြည်ရဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ လူသိရှင်ကြားလည်း သူ့ရဲ့ရုံးအနေနဲ့ရော အမေရိကန်ပြည်ထောင်စုဘက်ကနေပြီးတော့ ပံ့ပိုးကူညီပေးနေတဲ့၊ အခုလက်ရှိအထိလည်း ထောက်ခံနေဆဲ အမေရိကန်ရဲ့ လွှတ်တော်ခေါင်းဆောင်တဦး ဖြစ်တဲ့အခါကျတော့ သူ နေထိုင်မကောင်း ဖြစ်နေတယ်ဆိုတဲ့ သတင်းစကား ကြားရတဲ့အခါမှာ ကျမတို့အနေနဲ့ သတင်းမေးဖို့ဆိုတဲ့ စိတ်ကူးဖြစ်ပါတယ်၊ သူ့ရဲ့ကျန်းမာရေးကလည်း ကျမတို့အတွက် အင်မတန် အရေးကြီးတယ်၊ ကျမနဲ့အတူ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်းရဲ့ အမျိုးသမီး ဒေါ်စီစီ လည်း လိုက်ပါခဲ့တယ်၊ မြန်မာပြည်သူတွေအနေနဲ့ ဆီနိတ်တာရဲ့ကျန်းမာရေး ပြန်ပြီးတော့မှ ကောင်းလာဖို့၊ အသက်ရှည်စွာနဲ့ ကမ္ဘာ့အရေး မြန်မာနိုင်ငံအရေး ဒီမိုကရေစီအရေး လူ့အခွင့်အရေးတွေကို ထမ်းပိုးနိုင်ပါစေကြောင်း ကျမတို့က သတင်းစကားပါးခဲ့ပါတယ်”လို့ ပြောပါတယ်။

မစ်ချ်မကော်နယ်လ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ကာလရှည်ကြာ စိုက်လိုက်မတ်တတ် ထောက်ခံအားပေးခဲ့တဲ့ အမေရိကန်နိုင်ငံရေး ခေါင်းဆောင်တယောက်လည်း ဖြစ်ပါတယ်။ 

မစ်ချ်မကော်နယ်လ်ဟာ ၂၀၀၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်လွှတ်တော်ရဲ့ အမြင့်ဆုံးရွှေတံဆိပ်ဆုကို ချီးမြှင့်ဖို့ ဥပဒေကြမ်းတင်သွင်းခဲ့ပြီး ၂၀၁၂ ခုနှစ် မြန်မာပြည်တွင်းနိုင်ငံရေး အပြောင်းအလဲဖြစ်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အထိ သွားရောက်တွေ့ဆုံပြီး နိုင်ငံရေး တိုးတက်ပြောင်းလဲမှုတွေ ပိုရလာဖို့ ဆွေးနွေးအကြံပေးခဲ့ပါတယ်။

မစ်ချ်မကော်နယ်လ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် သံတမန်ရေးရာမှာ တော်လှန်ရေး အင်အားစုတွေဘက်က ရပ်ခံခဲ့သူဖြစ်ပြီး လက်နက်မဟုတ်တဲ့ အကူအညီတွေ ဒီမိုကရေစီ အင်အားစုတွေကို ပေးဖို့ အစိုးရကို ထပ်ခါတလဲ တိုက်တွန်းတောင်းဆိုပေးခဲ့သူဖြစ်ပါတယ်။

မြန်မာပြည်တွင်း ကာလရှည်ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာအရေး အပါအဝင် စစ်တပ် ကျူးလွန်ခဲ့တဲ့ ပြဿနာတွေမှာ လူသားစာနာအကူအညီတွေပေးဖို့ အမေရိကန်အစိုးရကို အစဉ်တစိုက် တိုက်တွန်းပြီး မြန်မာပြည်သူတွေကို ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုး​က “Brave Burma Act ရှိမယ်၊ ဒီဥပဒေက စစ်ကောင်စီကို ဘဏ္ဍာရေးပိတ်ဆို့မှုတွေ ပိုပိုပြီးတိုးမြှင့်ဖို့၊ အဲဒါအပြင်ကိုမှ ဒေသတွင်းမှာရှိတဲ့ ရုရှားတို့ တရုတ်တို့ရဲ့ ဩဇာလွှမ်းမိုးမှုတွေကို ပထဝီနိုင်ငံရေးအရ တန်ပြန်ဖို့ ရည်ရွယ်ချက်တွေနဲ့ သေချာကို တော်လှန်ရေးအတွက်ကို လုပ်ပေးခဲ့တဲ့ ကိစ္စတွေ ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူက မဟာမိတ်ကောင်း ဖြစ်ခဲ့တယ်၊ သံတမန်ရေးရာတွေမှာ အများကြီး ကာကွယ်မှုတွေ ပေးခဲ့တယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ  ရင်းနှီးတဲ့ နိုင်ငံရေး ဆက်ဆံရေးရှိခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေတဲ့အချိန်တွေဆိုရင် ဝါရှင်တန်ဒီစီမှာ သူ့အတွက်ကို အစဉ်တစိုက် အကာအကွယ်ပေးပြောဆိုခဲ့တာဖြစ်တယ်။ လွှတ်တော်အမတ်ကြီး မစ်ချ်မကော်နယ် သူသာ တခုခု ဖြစ်သွားမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတခု ဖြစ်မှာပါပဲ” လို့ ပြောပါတယ်။

မစ်ချ်မကော်နယ်လ်ရဲ့ ကျန်းမာရေးအခြေအနေမကောင်းကြောင်း သတင်းထွက်ပေါ်နေပေမဲ့ မိသားစုနဲ့ရုံးအဖွဲ့က သီးခြားအတည်ပြုထုတ်ပြန်တာမရှိသေးပါဘူး။

မြန်မာအသိုက်အဝန်းက ရုံးခန်းကို ဆုတောင်းစကား သွားရောက်ပေးပို့ရာမှာ ရုံးတာဝန်ရှိသူက ကျန်းမာရေးအခြေအနေတွေကို မကြာခင် သတင်းထုတ်ပြန်ပေးမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

မစ်ချ် မကော်နယ်လ်ဟာ ၂၀၀၃ ခုနှစ်ဝန်းကျင်မှာ မြန်မာ့လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီအက်ဥပဒေကို လွှတ်တော်မှာ တင်သွင်းခဲ့ပြီး သမ္မတဂျော့ဒဘလျူဘုရှ် လက်ထက်မှာ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေကြမ်းကို ဦးဆောင်တင်သွင်းခဲ့ပြီး မြန်မာစစ်တပ်ကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်နိုင်အောင် ကြိုးစားခဲ့သူ ဖြစ်ပါတယ်။

အသက် ၈၄ နှစ်အရွယ် မစ်ချ်မကော်နယ်လ်ဟာ ၁၉၈၅ ခုနှစ်ကတည်းက ဆီးနိတ်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံရေးသမိုင်းမှာ သက်တမ်းအရှည်ဆုံး ဆီးနိတ်အမတ်နဲ့ ပါတီခေါင်းဆောင်အဖြစ် စံချိန်တင်ထားသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013