နိုင်ဂျာနိုင်ငံရဲ့ မြို့တော် နီယာမေးမှာရှိတဲ့ စစ်စခန်းတခုက စစ်သားအုပ်စုတစုဟာ တပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးခဲ့ပြီး ပုန်ကန်မှုပြုလုပ်ခဲ့ကြကာ ထိခိုက်လွယ်တဲ့ နေရာအများအပြားကို ပစ်ခတ်ခဲ့တယ်လို့ နိုင်ဂျာကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက်မှာ အတည်ပြုပါတယ်။
ဒီဖြစ်ရပ်ဟာ နီယာမေးလေဆိပ်နားက တပ်စခန်းအမှတ် ၁၀၁ မှာ ဒေသစံတော်ချိန် သန်းခေါင်ကျော်မှာ စတင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက အမြန်တုံ့ပြန်ခဲ့လို့ မငြိမ်မသက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပြီး ပစ်မှတ်ထားတဲ့ နေရာတွေအား တဖြည်းဖြည်း ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဒေသခံတွေ တည်တည်ငြိမ်ငြိမ် နေကြဖို့နဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
မနက်အစောပိုင်းမှာ ထုတ်လွှင့်မှုရပ်ဆိုင်းထားတဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ ရေဒီယိုကို မနက် ၉ နာရီလောက်မှာ ပြန်ထုတ်လွှင့်ခဲ့ပါတယ်။
တိုက်ခိုက်မှုက နာရီပေါင်းများစွာကြာမြင့်ခဲ့ပြီး လေဆိပ်နဲ့ သမ္မတအိမ်တော်နားမှာ ပြင်းထန်တဲ့ သေနတ်ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ သတင်းတွေထွက်ခဲ့ပါတယ်။
အစောပိုင်းမှာ လေဆိပ်နဲ့သမ္မတရုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေနဲ့ ရိုက်တာသတင်းဌာနရဲ့ သက်သေတယောက်က ပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဘက်လေတပ်စခန်းကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ နိုင်ဂျာနိုင်ငံရဲ့ နိုင်ငံရေးဖွဲ့စည်းပုံက အုပ်ချုပ်ရေး အရာရှိတယောက်က ပြောပေမဲ့ အစီရင်ခံစာအားလုံးကို လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။
အခုဖြစ်ရပ်ဟာ ၂၀၂၃ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး နိုင်ဂျာမှာ လုံခြုံရေးတိုးတက်စေဖို့ ကတိပြုခဲ့တဲ့ စစ်ခေါင်းဆောင် အဗ္ဗဒူရာဟာမာန် တီယာနီရဲ့ အုပ်ချုပ်မှုအတွက် နောက်ဆုံးစိန်ခေါ်မှုပါ။
အနောက်အာဖရိက ကုန်းတွင်းပိတ်နိုင်ငံ နိုက်ဂျာဟာ အယ်လ်ကိုင်ဒါ၊ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ဆက်ရင်ဆိုင်နေရပါတယ်။
တီယာနီရဲ့ အစိုးရက အနောက်တိုင်းမိတ်ဖက်တွေနဲ့ ဝေးကွာရင်း ရုရှားနဲ့ ဆက်ဆံရေးကို ခိုင်မာအောင်လုပ်ခဲ့ပြီး မာလီနိုင်ငံ၊ ဘာကီနာဖာဆို နိုင်ငံတို့နဲ့အတူ ဆာဟယ်နိုင်ငံများ မဟာမိတ်အဖွဲ့မှာ ပူးပေါင်းခဲ့ပါတယ်။
Source: Reuters











