DVB Logo
Home
မြန်မာသတင်း
ကိုရီးယားတွင် သေဆုံးပြီဆိုသည့် မြန်မာလုပ်သား အသက်ပြန်ရှင်လာသဖြင့် အရေးပေါ်ကုသနေ
DVB
·
March 25, 2026
Photo: Zaw Moe Aung (FB)
Photo: Zaw Moe Aung (FB)
Donate to DVB

တောင်ကိုရီးယားက လုပ်ငန်းခွင်တခုမှာ စက်ညှပ်လို့ သေဆုံးသွားပြီဆိုတဲ့ မြန်မာလုပ်သားဟာ ရေခဲတိုက်ထဲမထည့်ခင် အသက်ပြန်ရှူလာတဲ့အတွက် အရေးပေါ်ကုသမှုတွေ ပြန်လုပ်နေတယ်လို့ အဲဒီအလုပ်သမားနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

အသက် ၃၃ နှစ်အရွယ် မြန်မာလုပ်သား ကိုစန်းယုဟာ မတ် ၂၄ ရက်က လုပ်ငန်းခွင်ထဲမှာ စက်ညှပ်မိပြီး ဦးခေါင်းကို အပြင်းအထန် ထိခိုက်ခဲ့တာကြောင့် အာဂျုတက္ကသိုလ်ဆေးရုံဆီ အရေးပေါ်ပို့ခဲ့ပေမဲ့ အသက်မမီတော့ဘဲ သေဆုံးပြီလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုစန်းယုဟာ ရေခဲတိုက်ထဲမထည့်ခင် အသက်ပြန်ရှူလာတဲ့အတွက် ဆရာဝန်တွေက အရေးပေါ်ခွဲစိတ်မှုတွေလုပ်ကာ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သူနဲ့ရင်းနှီးသူတွေက ဆိုပါတယ်။

ကိုစန်းယုနဲ့ ဆွေမျိုးနီးစပ်တော်သူတယောက်က “သူ့ကို ဆရာဝန်တွေက ရေခဲတိုက်ထဲ မထည့်သေးဘဲ အောက်စီဂျင်ပေးထားတာ၊ အသက်ပြန်ရှင်လာလို့ ခွဲခန်းထဲခေါ်သွားတယ်” လို့ လူမှုကွန်ရက်မှာ အသိပေး ရေးသားထားပါတယ်။

တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်မှုကြောင့် ကိုစန်းယု သေဆုံးခဲ့ကာ မိသားစုဆီလည်း အကြောင်းကြားထားပြီး ဖြစ်တယ်လို့ မတ် ၂၄ ရက်မှာ အရင်ဆုံး အသိပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ကိုစန်းယုရဲ့ဇနီးနဲ့ အစ်မဖြစ်သူတို့ တောင်ကိုရီးယားနိုင်ငံကို လိုက်သွားပြီး ခွဲစိတ်ကုသမှုနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို မသိရသေးဘူးလို့ သူ့မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကိုစန်းယုဟာ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ကဖြစ်ပြီး ကလေး ၂ ယောက်ဖခင်ဖြစ်ကာ အနေအေးသလို ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံတတ်သူတယောက်လို့ သူနဲ့ စက်ရုံ အတူလုပ်ခဲ့ဖူးသူတွေက မှတ်ချက်ပြုကြပါတယ်။

ကိုစန်းယုဟာ ထိခိုက်မိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတယ်ဆိုတဲ့ ကနဦးသတင်းကြောင့် ရင်းနှီးသူတွေနဲ့ လူမူကွန်ရက် အသုံးပြုသူတွေက စိတ်မကောင်းကြောင်း မှတ်ချက်ပေးခဲ့ကြပြီး အသက်ပြန်ရှင်လာတယ် ဆိုတဲ့အတွက် အံ့သြဝမ်းသာမှုတွေဖြစ်ကာ ခွဲစိတ်ကုသမှု အောင်မြင်စေဖို့ ဆုတောင်းပေးနေကြတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013