
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ နောင်ယိုင်မြို့နယ်က ကျောက်ပြားစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၅၃ ယောက်ဟာ စက်တင်ဘာ ၄ ရက်ကစပြီး အလုပ်မဆင်းရတော့ဘဲ လုပ်အားခ မရရှိတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရပါတယ်။
အဲဒီအလုပ်သမားတွေထဲမှာ CI နဲ့ PJ စာအုပ်ကိုင်ဆောင်ထားသူ အမျိုးသားအယောက် ၄၀ နဲ့ အမျိုးသမီး ၁၃ ယောက် ပါဝင်ပြီး စက်ရုံမှာ လုပ်သက် ၁ နှစ်ကနေ ၄ နှစ်အထိ ရှိသူတွေ ဖြစ်ပါတယ်။
စက်ရုံဘက်က စက်တင်ဘာ ၃ ရက် ညပိုင်းမှာ နောက်တရက်ကစပြီး မီးမလာတော့တာကြောင့် အလုပ်တရက်နားမယ်လို့ ပြောခဲ့ပြီးနောက် အခုအချိန်အထိ အလုပ်ပြန်မဆင်းရသေးတာလို့ အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတယောက်က “ကျနော်တို့ အလုပ်သမားရုံးကိုသွားပြီး အမှုတော့ ဖွင့်ထားတယ်၊ သူတို့ ကွင်းဆင်းပေးမယ်တော့ ပြောတယ်၊ ကျနော်တို့ကို ဒီအတိုင်း ခဏစောင့်ကြည့်ပေးပါဦး။ စက်ရုံ ပိတ်၊ မပိတ်လည်း မသိရသေးလို့ သူတို့ကလည်း တရားဝင်ကြေညာထားတာ မရှိလို့ ကျနော်တို့ စောင့်ကြည့်နေတာ။ ပိတ်မှာလား မပိတ်ဘူးလားဆိုတာလည်း မသိရတော့ အဆင်မပြေဘူးပေါ့၊ ပြီးရင် တခြား အလုပ်ပြောင်းမယ်ဆိုရင်လည်း ပိုက်ဆံ မရှိရင် ဒီမှာ ပြောင်းဖို့က အဆင်မပြေဘူးလေ။ ကိုယ်လုပ်ထားတဲ့ လုပ်အားခလည်း မရသေးဘူးဆိုတော့ အဲဒါတွေကို စောင့်ပြီး တချို့ဆိုရင် မြန်မာပြည်ကို ပြန်မယ့်လူလည်း ရှိတယ်။ သူတို့ လုပ်ထားတဲ့ လုပ်အားခတောင် ပိုက်ဆံမရသေးဘူးဆိုတော့ ပြန်မယ့်လူလည်း အဆင်မပြေဘူး၊ ပြီးရင် အလုပ်ပြောင်းမဲ့လူလည်း ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။
အလုပ်သမားတွေဟာ စက်ရုံပိတ်သိမ်းမလား၊ ဆက်ဖွင့်မလားဆိုတာကို တရားဝင် အသိပေးချက် မရသေးတာကြောင့် လက်ရှိအလုပ်ကို စောင့်ရင်းနဲ့ အလုပ်အသစ်ကိုလည်း ပြောင်းမရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
အလုပ်သမားတွေက တယောက်ကို လုပ်ခလစာ ဘတ် ၁၁,၀၀၀ ဝန်းကျင်ကနေ ၁၈,၀၀၀ ဝန်းကျင်အထိ ရဖို့ရှိနေပြီး လက်ရှိမှာ လုပ်အားခ မရသေးတာကြောင့် အခန်းခ၊ စားစရိတ်နဲ့ နေ့စဉ် အသုံးစရိတ်တွေကို ဖြေရှင်းဖို့ ငွေချေးယူနေရတယ်လို့ ဆိုပါတယ်။
ကျောက်ပြားစက်ရုံ အမျိုးသမီး အလုပ်သမားတယောက်က “လုပ်အားခ မရတဲ့အတွက် ညီမ တို့က ၈ လပိုင်းကုန်တုန်းကလည်း အခန်းခတွေ ပေးစရာမရှိဘူး။ အခန်းခတွေ ပေးစရာမရှိတော့ ၈ လပိုင်းကို ညီမတို့က ငွေချေးကြ ငှားကြနဲ့ အတိုးတွေနဲ့ ချေးရတယ်။ အတိုးကလည်း များတယ်။ စားဖို့လည်း ထိုနည်းလည်းကောင်းပဲ။ အတိုးနဲ့ ချေးရတယ်။ တချို့တွေကျ ပိုက်ဆံ လက်ထဲမှာ နည်းနည်းပါးပါးရှိတဲ့သူကျ အဆင်ပြေတာပေါ့နော်။ ဒါပေမဲ့ မရှိတဲ့လူတွေက များတယ်။ ကျမတို့က အဓိက ဘာခက်ခဲနေလဲဆိုတော့ အချိန်တန် လကုန်ရင် အခန်းခတွေ ပေးရမယ်။ ဒီအလုပ်က တိကျတဲ့အဖြေကို မပေးဘူးပေါ့နော်။ စက်ရုံပိတ်လိုက်ပြီလို့လည်း မပြောဘူး။ အဲဒီတော့ ကျမတို့က နောက်အလုပ်သစ်ကိုလည်း ရှာဖို့က ခက်ခဲနေတယ်” လို့ ပြောပါတယ်။
အလုပ်ရှင်ဘက်က အလုပ်လည်ပတ်မှု အားနည်းတာကြောင့် အလုပ်ရပ်နားထားတာလို့ အလုပ်သမားတွေကို အကြောင်းပြထားကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့က ပြောပါတယ်။
အလုပ်သမားတွေဟာ WAG အဖွဲ့နဲ့ FED (Foundation for Education and Development) ကို အကူအညီ တောင်းခဲ့တဲ့အတွက် အလုပ်သမားတွေရဲ့ လုပ်အားခနဲ့ နစ်နာကြေး ရရှိရေးအတွက် သက်ဆိုင်ရာ အလုပ်သမားတိုင်ကြားရေးရုံးကို စက်တင်ဘာ ၁၄ ရက်မှာ တိုင်ကြားခဲ့တယ်လို့ WAG အဖွဲ့က ပြောပါတယ်။
အလုပ်သမား မဟာမိတ်အဖွဲ့ (WAG) တာဝန်ခံ ကိုမုန်တိုင်းက “သူတို့ဘက်က အကြောင်းပြချက် က စက်ရုံရဲ့ အလုပ်လည်ပတ်မှု အားနည်းလို့ ဆိုပြီး အလုပ်သမားတွေကို အကြောင်းပြထား တယ်။ အဲဒီတော့ ကျနော်တို့က မြို့နယ် ဆဝါဒီကန်ရုံး (အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ရုံး) ကို သွားရောက် တိုင်ကြားတယ်။ တိုင်ကြားတဲ့အချိန်မှာ ကျနော်တို့ အလုပ်သမားတွေရဲ့ လုပ်အားခကို ပြန်ပြီး တောင်းဆိုတာ ဖြစ်တဲ့အတွက် ပြန်ရဖို့ မျှော်လင့်ထားပါတယ်။ တကယ်လို့ ဒီရုံးမှာ ကျနော်တို့က ထပ်ပြီးတော့ အမှုရင်ဆိုင်ရတဲ့ ကာလ ရက်ပေါင်း ၆၀ ရှိတယ်ပေါ့နော်။ ဒီရက်ပေါင်း ၆၀ မှာ သူက ပြန်လည်ပြီးတော့ ညှိနှိုင်းတဲ့အချိန်မှာ သူက မပေးနိုင်သေးဘူး ဆိုရင်တော့ ဒါ ကျနော်တို့က ဒီလုပ်သားတွေနဲ့ တရားရုံးမှာ သွားထပ်ပြီး တရားစွဲရမှာပေါ့” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ်အတွင်း ချွန်ဘူရီခရိုင်ထဲက တရုတ်နိုင်ငံသားပိုင် စက်ရုံအချို့မှာ အလုပ်သမားတွေကို ကြိုတင်အကြောင်းမကြားဘဲ အစုလိုက်အပြုံလိုက် အလုပ်ဖြုတ်တာ၊ လုပ်ခလစာ ရှင်းမပေးတာတွေ အများဆုံးကြုံနေရတယ်လို့ အလုပ်သမားအရေး ကူညီပေးသူ တွေက ပြောပါတယ်။
စက်ရုံအများစုက အော်ဒါ လျော့နည်းတာ၊ စက်သုံးဆီဈေး မြင့်တက်တာနဲ့ ထုတ်လုပ်မှု ကုန်ကျ စရိတ် မြင့်တက်တာတို့ကြောင့် အလုပ်သမားတွေကို လျှော့ချနေပြီး၊ အလုပ်သမားတွေကို အမြဲထမ်းဝန်ထမ်း မဟုတ်ဘဲ နေ့စားလုပ်သားအဖြစ်သာ ခေါ်ယူနေကြတယ်လို့ အလုပ်သမား အဖွဲ့တွေဆီက သိရပါတယ်။
ဇွဲသစ်











