
ထိုင်းနိုင်ငံမှာ နေထိုင် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား အရေအတွက် ၄ ဒသမ ၁ သန်း ရှိနေပြီး လို့ ထိုင်းနိုင်ငံအလုပ်သမား၀န်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု အစီရင်ခံစာအရ သိရပြီး မြန်မာအလုပ်သမားတွေရဲ့ အင်အားဟာ ထိုင်းစီးပွားရေးမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ဖော်ပြပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးအကျပ်အတည်းနဲ့ စစ်မှုထမ်းဥပဒေတို့ အပြင် ထိစပ်နယ်စပ်ရှည်လျားတာကြောင့် ထိုင်းနိုင်ငံကို ဒီထက်မက အလုံးအရင်း ၀င်ရောက် လာတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ လုပ်သားအင်အားလိုအပ်ချက်ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းနဲ့ လက်ကား ရောင်းချခြင်း၊ မော်တော်ယာဉ်ပြုပြင်ခြင်းလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေကို အများဆုံး မှီခိုအားထားနေရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံရဲ့ ခရိုင် ၈ ခု ဖြစ်တဲ့ မြို့တော်ဘန်ကောက်၊ ချွန်ဘူရီ၊ စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ပထုန်ဌာနီ၊ ချင်းမိုင်၊ ဖူးခတ်နဲ့ ဆူရတ်ဌာနီမှာ မြန်မာအလုပ်သမား သန်းနဲ့ ချီ ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ သက်ကြီးရွယ်အို ပိုများလာတဲ့အတွက် လုပ်သားအင်အား လိုအပ်ချက် ရှိနေပြီး မြန်မာနိုင်ငံထက် လုပ်ခလစာ ၂ ဒသမ ၆ ဆလောက် ပိုရတာကြောင့် မြန်မာအလုပ်သမားတွေ အတွက် အဓိက ဆွဲအားတခု ဖြစ်နေတယ်။
အနာဂတ်အခြေအနေတွေနဲ့ ပတ်သက်လို့တော့ အလုပ်သမား၀န်ကြီးဌာနက အစီရင်ခံစာမှာ ဖြစ်နိုင်ခြေ ၃ ခု ခန့်မှန်းထားပါတယ်။
မြန်မာ့အရေး ဆက်လက်ရှည်ကြာနေမယ်ဆိုရင် ထိုင်းနိုင်ငံကို ၁ နှစ်ကို မြန်မာလုပ်သား ၁ သိန်း ကနေ ၂ သိန်းကျော်အထိ ထပ်မံ ဝင်ရောက်လာနိုင်တာကြောင့် တရားမဝင်ရွှေ့ပြောင်းမှုနဲ့ လူကုန်ကူးမှုအန္တရာယ်တွေကို အထူးစောင့်ကြည့်ဖို့ လိုအပ်မယ်လို့ ထောက်ပြထားပါတယ်။
ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ ယာယီဖြေရှင်းတဲ့ မူဝါဒတွေအစား ရေရှည်မဟာဗျူဟာမြောက် မူဝါဒတွေ ပြောင်းလဲကျင့်သုံးဖို့၊ MOU စနစ်ကို ထိရောက်အောင် ပြုပြင်ဖို့နဲ့ လုပ်သားတွေရဲ့ စွမ်းရည်အဆင့်မြှင့်တင်ပေးဖို့ အကြံပြုထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ မြန်မာစစ်အာဏာရှင်လက်အောက်ခံ အလုပ်သမား၀န်ကြီးဌာနက ထိုင်းရောက် မြန်မာအလုပ်သမားတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) စာအုပ် မရှိသူတွေကို အောက်တိုဘာ ၁၄ ရက်က စတင်လုပ်ပေးနေပြီး စာအုပ်တွေကို ထိုင်းနိုင်ငံအတွင်း စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီခရိုင်တွေမှာ စခန်း ၅ ခုဖွင့်လှစ်ပြီး ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
လျှောက်ထားမဲ့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ မိမိရရှိတဲ့ အခြေခံလုပ်အားခ လစာ ၃ လ စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာပြည်က မိသားစုထံ ပြန်လွှဲထားတဲ့ အထောက်အထား ပြရမယ် ဆိုတဲ့အချက်ကြောင့် အခက်အခဲတွေ ဖြစ်နေတယ်လို့ မြန်မာအလုပ်သမားတွေက လူမှုကွန်ရက်မှာ ပြောပါတယ်။











