
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အနောက်တောင်ခြမ်းရှိ စလွန်းကျေးရွာအနီးက ဆိပ်ကမ်း တနေရာ ကို စစ်တပ်က အောက်တိုဘာ ၁၂ ရက် နေ့ခင်း ၁၂ နာရီခွဲလောက်မှာ ဂျိုင်ရို ကော်ပတာတစင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါနေရာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ အကြောင်းမဲ့ လာရောက်ကြဲချသွားတာလို့ မော်တော် ပိုင်ရှင်တယောက်က ပြောပါတယ်။
“နမခ စစ်တပ်နဲ့လည်း ဒီဆိပ်ကမ်းက နီးတယ်။ ဘယ် PDF မှ မလာရဲဘူး။ ဘယ်တိုက်ပွဲမှလည်း မဖြစ်ဘူး။ အဲဒါကိုဗျာ လုပ်ရက်လိုက်တာဗျာ။ လုံဝကို ဒီစစ်တပ်ကို မကျေနပ်နိုင်ဘူး” လို့ ပြောပါတယ်။
စစ်တပ်ဗုံးကြဲချတဲ့ နေရာဟာ မုံရွာက ကုန်စည်တွေအား ချင်းတွင်းမြစ်အထက်ပိုင်းကို ပို့ဖို့ ကုန်တင်ကုန်ချ လုပ်နေသလို ချင်းတွင်းမြစ်အထက်ပိုင်းကပါလာတဲ့ ကုန်စည်တွေကိုလည်း မုံရွာကို ပို့ဆောင်ပေးတဲ့ ဆိပ်ကမ်းဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံ ပကဖ အဖွဲ့ဝင်တယောက်က “ပြည်သူ အဆင်ပြေတာကို မကြည့်ချင်လို့၊ ပြည်သူကို အခက်အခဲများများကြုံလေ သူတို့ဝမ်းသာလေပဲ ဖြစ်လိမ့်မယ်။ အခုလည်း ကြည့်လေဗျာ နမခ အနီးမှာ ဘယ်သူက ဘာလုပ်ရဲမှာမို့လဲ။ ဘလိုင်းကြီး ကြဲချသွားတာ။ မော်တော်ပိုင်တဦး သေဆုံးခဲ့ ရပြီး ကားသမားတဦးလည်း သေဆုံးခဲ့ရတယ်။ သေဆုံးသူ ၂ ဦးပါဗျ။ မော်တော် တချို့ လည်း ပျက်စီးတာတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၆ ရက် နေ့ကလည်း ရွှေစာရေးဆိပ်ကမ်းကို စစ်အာဏာရှင်တပ်က ဂျိုင်ရို ကော်ပတာနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၃၀ အရွယ် အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။











