
မြန်မာနိုင်ငံတောင်ပိုင်းက မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းမှု၊ ပေါ်တာဆွဲဖမ်းဆီးမှုတွေက ပိုစိပ်လာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM - ဟာဖောင်း) ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေ စတင်ကတည်းက အခုလက်ရှိအချိန်ထိ မွန်၊ ကရင်နဲ့ တနင်္သာရီဒေသမှာ လူငယ် ၁၄,၀၀၀ နီးပါး စစ်သားစုဆောင်းခံထားရတယ်လို့ ဆိုပါတယ်။
HURFORM ရဲ့ စီမံကိန်းဒါရိုက်တာ နိုင်အဲမွန် က “၂၀၂၄ ခုနှစ် စစ်မှုထမ်းဥပဒေ စတင်ကတည်းက မွန်ပြည်နယ်မှာ လူ ၅,၇၀၀ ခန့်၊ ကရင်ပြည်နယ်မှာ ၃,၆၀၀ ကနေ ၄,၈၀၀ ကြားနဲ့ တနင်္သာရီဒေသမှာ ၄,၇၀၀ ကနေ ၅,၂၀၀ ကြား စစ်သားစုဆောင်းခံရပြီး ဖြစ်မယ်လို့ ကျနော်တို့ ခန့်မှန်းထားပါတယ်။ ဒါတွေက ခန့်မှန်းခြေတွေသာဖြစ်ပြီး အပြည့်အစုံကောက်ယူထားတဲ့ စာရင်း မဟုတ်ပါဘူး။ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံရသူတွေ သို့မဟုတ် စစ်တပ်စခန်းတွေကနေတဆင့် လွှဲပြောင်းခံရသူ အများအပြားကို ခြေရာခံလို့ မရနိုင်ပါဘူး” လို့ ပြောပါတယ်။
လူငယ်တွေကို မကြာခဏဆိုသလို စိတ်ထင်သလို ဖမ်းဆီးနေကြပြီး စစ်ဆေးရေးဂိတ်တွေ၊ နေအိမ်တွေ၊ လုပ်ငန်းခွင်တွေနဲ့ လမ်းမတွေပေါ် စတဲ့ နေရာပေါင်းစုံကနေ ဖမ်းဆီးခံနေရတာလို့လည်း ဆိုပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဒေသခံတယောက်ကတော့ ရွာဘက်တွေမှာ စစ်မှုထမ်း ဖမ်းဆီးတာမျိုး မရှိဘဲ စစ်ကြောင်းခဏခဏဝင်တဲ့အတွက် စစ်ဘေးရှောင်နေကြရတဲ့ ဒုက္ခခံစားနေရပြီး မြို့ပေါ်မှာတော့ စစ်မှုထမ်းစုဆောင်းဖို့ အဖမ်းအဆီးကြမ်းလို့ အိမ်မှာတောင် မနေရဲသလောက် ဖြစ်နေတယ်လို့ လက်ရှိအခြေအနေတွေကို ပြောပြပါတယ်။
“မြို့ပေါ်မှာရှိတဲ့ လူငယ်တော်တော်များများကတော့ အိမ်မှာ မနေရဲသလောက် ဖြစ်သွားပြီဗျ။ ကျန်ခဲ့တဲ့လူငယ်တွေကလည်း တချို့ကလည်း အဲမှာ ကျောင်းအတက်ပြပြီးတော့ နေတာရှိတယ်၊ တချို့ကလည်း ရှောင်ပြီးတော့ ဟိုရှောင် ဒီရှောင်နဲ့နေကြရတဲ့ လူတွေလည်း ရှိတယ်ဗျ။ နယ်ဘက်မှာကျတော့ အခုလောလောဆယ် အခြေအနေက ကျနော်တို့ ဒီ အထူးစီးပွားရေးဇုန် ဧရိယာထဲက ရွာတွေနဲ့ ဒီလောင်းလုံမြောက်ဘက်ခြမ်းကရွာတွေမှ ရှိတဲ့ လူငယ်တွေကျတော့ စစ်ကြောင်းက ခဏခဏ ဝင်နေနေတာဆိုတော့ သူတို့လည်း နေ့တိုင်း ထွက်ပြေးနေရတယ်။ စစ်မှုထမ်းကျတော့ ဒီ ရွာဘက်က လူတွေကတော့ သိပ်ပူစရာမရှိဘူး။ ဒါပေမဲ့ မြို့ပေါ်သွားတဲ့အချိန်ကျတော့ သူတို့က ဒီ ကမြောကင်း တံတားဂိတ်လိုမျိုး ဂိတ်ကို ဖြတ်ရတဲ့အခါကျတော့ သူတို့အတွက် မလုံခြုံဘူး။ အဲဒီတော့ မြို့ကို မသွားရဲကြတော့ဘူးပေါ့။ အထူးသဖြင့် ကျနော်တို့ အသက် ၄၀ ဝန်းကျင်လောက် အရွယ်ကောင်းတဲ့လူတွေတောင် မသွားရဲဘူး ဖြစ်လာတယ်။”
တနင်္ဿာရီတိုင်းက ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Dawei Watch ရဲ့ သတင်းဖော်ပြချက်တွေအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၉၇၂ ယောက်ထိ ရှိသွားပြီ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက စစ်အုပ်စုဆီကို လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၁ ကြိမ် ရှိခဲ့ပါတယ်။
နေရပ်ပြန်ပို့ခံရသူတွေဟာ မိသားစုတွေဆီပြန်ခွင့်မရဘဲ ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းကနေ ကော့သောင်းကို ရောက်တာနဲ့ ကော့သောင်းအခြေစိုက် ခမရ ၂၆၂ တပ်ရင်းဆီ တိုက်ရိုက် လွှဲပြောင်း ထိန်းသိမ်းခံရတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း ပြစ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံကို အမြန်ဆုံး ပြန်ပို့မဲ့ လုပ်ထုံးလုပ်နည်းမူကြမ်းကို ထိုင်းအစိုးရအဖွဲ့က ဩဂုတ် ၂၈ ရက်နေ့က အတည်ပြုလိုက်ပြီး ဒါဟာ ထိုင်းနိုင်ငံထဲကို အထောက်အထားမဲ့ ဝင်ရောက်လာကြတဲ့ စစ်ဘေးရှောင်လာကြတဲ့ လူငယ်တွေ၊ စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်ကြတဲ့ လူငယ်တွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တရပ်လည်း ဖြစ်ပါတယ်။
HURFORM ရဲ့ စီမံကိန်းဒါရိုက်တာ နိုင်အဲမွန် က “အခြေအနေက ပိုဆိုးလာပါတယ်။ လူငယ်တွေကို ပိုပြီး ပစ်မှတ်ထားလာသလို၊ သူတို့တင်မကဘဲ မိသားစုတွေကိုပါ အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှုကနေ ကင်းလွတ်ခွင့်ပေးဖို့အတွက် ငွေညှစ်တာမျိုးတွေ လုပ်လာကြပါတယ်။ နောက်ပိုင်းမှာ အမျိုးသားလူငယ်တွေသာမက အမျိုးသမီးလူငယ်တွေကိုပါ ပစ်မှတ်ထားပြီး စစ်တပ်ထဲမှာ အသုံးပြုလာကြပါတယ်။ ဒါတွေက တစထက်တစ ပိုဆိုးလာပါတယ်။ ဒါကြောင့် ကျနော်တို့က ဒါကို အစီရင်ခံစာတစောင်အနေနဲ့ အသံထွက်လာအောင် ကြိုးစားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဥပဒေပြုသူတွေဆီ တိုက်တွန်းလှုံ့ဆော်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ လူငယ်တွေကို အဓမ္မစုဆောင်း စစ်သင်တန်းပေးနေတာဟာ စစ်မှုထမ်း အပတ်စဉ် ၂၇ ထိ ရှိလာပြီ ဖြစ်ပါတယ်။
စစ်မှုထမ်း အပတ်စဉ် ၂၈ အတွက် ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာလည်း စစ်မှုထမ်း အတင်းအဓမ္မဖမ်းဆီးမှုတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။











