
နိုင်ငံခြားဝင်ငွေ ရရှိဖို့အတွက် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အပါအဝင် စီမံကိန်းအသစ်တွေကို စစ်အာဏာရှင်က အကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာနေတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ထိုင်းကုမ္ပဏီ (GPM) တို့ဟာ M-10 လုပ်ကွက်ဖြစ်တဲ့ မင်းရဲသူ စီမံကိန်းကို လုပ်ကိုင်ဖို့ ၂၀၂၅ ခုနှစ်၊ မေ ၂၉ ရက်မှာ သဘောတူညီချက်စာချုပ် ရေးထိုးခဲ့ကြပြီး နောက်ထပ်ပြင်ဆင်နေတဲ့ လုပ်ကွက် M-15 ဟာလည်း စစ်အုပ်စုအတွက် အဓိက နိုင်ငံခြားဝင်ငွေလမ်းကြောင်းအသစ် ဖြစ်လာနိုင်တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ (Blood Money Campaign) က ပြောပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “MOGE က စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသရွေ့ MOGE နဲ့ စီးပွားရေးလုပ်တဲ့ ကုမ္ပဏီတိုင်းရဲ့ လုပ်ငန်းက စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တခုတည်းနဲ့ တိုင်းတာလို့ မရပါဘူး။ အဲဒီငွေက ဘယ်သူ့လက်ထဲ ရောက်သလဲ၊ ဘာအတွက် အသုံးပြုနိုင်သလဲ၊ မြန်မာပြည်သူတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်သလဲ ဆိုတာကိုပါ ထည့်စဉ်းစားရပါတယ်။ အထူးသဖြင့် M15 နဲ့ M-10 (မင်းရဲသူစီမံကိန်း) တို့လို စီမံကိန်းအသစ်တွေက အရေးကြီးပါတယ်။ လက်ရှိ ရင်းမြစ်တွေကို ဖြတ်တောက်တာသာမက ထပ်ပြီး ဝင်ငွေအသစ်ဖြစ်လာမဲ့ စီမံကိန်းတွေကိုလည်း တားဆီးဖို့ လိုပါတယ်။ M-10 လုပ်ကွက်ဖြစ်တဲ့ မင်းရဲသူ စီမံကိန်းကို စစ်အုပ်စုဘက်က ၂၀၂၈ ခုနှစ်မှာ ပထမဆုံး စီးပွားဖြစ် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ရည်မှန်းထားတဲ့အတိုင်း ထုတ်လုပ်နိုင်ခဲ့ရင် စစ်အုပ်ချုပ်ရေးကို အသက်ဆက်ပေးနေတဲ့ငွေကြေးတွေ ဖြစ်လာမှာပါ။ ဒါကြောင့် ကျနော်တို့တွေအနေနဲ့ စစ်အုပ်စုရဲ့ ဝင်ငွေဖြတ်တောက်ရေး လှုပ်ရှားမှုတွေ လုပ်တဲ့အခါမှာ စီမံကိန်းတခုချင်းကို ဆန့်ကျင်တာမကဘဲ စစ်အုပ်စုကို ထောက်ပံ့ပေးနေတဲ့ ငွေကြေးစနစ်တခုလုံးကို ဖြိုခွင်းဖို့လိုပါတယ်” လို့ ပြောပါတယ်။
မုတ္တမကွေ့ပင်လယ်ပြင်က မင်းရဲသူစီမံကိန်း M-10 အပြင် M-15 လုပ်ကွက်ပါ အကောင်အထည် ပေါ်လာခဲ့ရင် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာတွေ၊ စစ်လက်နက်ဝယ်ယူတာတွေကို ပိုမိုအရှိန်မြင့်လာနိုင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ဟာ ဓာတ်ငွေ့တူးဖော်ရေး အပါအဝင် တခြားစီမံကိန်းတွေပါ အကောင်အထည် ဖော်နိုင်ဖို့အတွက် မြေပြင်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေ၊ လေကြောင်း တိုက်ခိုက်တာတွေကို ပိုလုပ်လာတယ်လို့ တိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စော်ဒါးကိုက ပြောပါတယ်။
“ဒီ ထားဝယ်ရေနက်ဆိပ်ကမ်းဆိုရင် အဲဒီမှာရှိတဲ့ အဓိကပေါ့နော်၊ ပြည်သူတွေကို အကြမ်းဖက်ပြီး နှင်ထုတ်တယ်။ နှင်ထုတ်တဲ့ပုံစံတွေက ပြည်သူတွေ ရွာတွေမှာ မနေရဲအောင် လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ ပြီးရင် လေယာဥ်နဲ့ကြဲတယ်။ စစ်ကြောင်းထိုး ရွာတွေဝင် မီးရှို့တယ်။ လူတွေ လုံးဝနေလို့မရအောင် အရင်မီးရှို့တာပေါ့နော်။ ဒါနဲ့တဆက်စပ်တည်း အဓိကတော့ သဘာဝဓာတ်ငွေ့ တူးဖော်တဲ့နေရာမှာ ဇောတိကပေါ့နော်။ ဒီကရတဲ့ ဓာတ်ငွေ့ဝင်ငွေတွေနဲ့ ခဲယမ်းလက်နက်တွေ ဝယ်တယ်၊ လေယာဥ်ဗုံးသီးတွေ ဝယ်တယ်၊ လေယာဥ်တွေဝယ်တယ်။ အဓိကကတော့ ရုရှားပေါ့နော်။ အဲဒါလေးတွေလုပ်ပြီး တောက်လျှောက်ကို လုပ်နေတာက တနင်္သာရီတိုင်းဘက်မှာ တော်တော်များများကို များလာတာပေါ့နော်။”
ရေဖြူမြို့နယ်ထဲကနေ လောင်းလုံးမြို့နယ်အစပ်အထိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနယ်မြေ သတ်မှတ်ထားပြီး ဇွန်လအတွင်းမှာ စီမံကိန်းရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့အတွက် ရုရှားနဲ့ MOU လက်မှတ်ရေးထိုးခဲ့ပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ပါဝင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းမှာ ဧပြီလကနေ သြဂုတ်လအတွင်း ယာယီစစ်ဘေးရှောင် ကျေးရွာ ၄၀ လောက်ရှိပြီး သတ်ဖြတ်ခံရသူက ၉ ယောက်ရှိခဲ့ကာ နေအိမ် ၃၄ လုံးနဲ့ ဆေးခန်းတခု မီးရှို့ခံခဲ့ရတယ်လို့ Investment Monitor-TNI ရဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ ၅ လတာ သုံးသပ်ချက် အစီရင်ခံစာအရ သိရပါတယ်။
အဲဒီအတွက် စစ်တပ်ရဲ့ အဓိက ဘဏ္ဍာငွေလမ်းကြောင်းဖြစ်တဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေကနေ သွေးစွန်းငွေစီးဆင်းနေမှုကို ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းနဲ့ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ထိထိရောက်ရောက် တားဆီးကာကွယ်ဖို့ အရေးတကြီး လိုအပ်တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
လင်းအိမ်











