
နေပြည်တော် တပ်ကုန်းမြို့နယ်အခြေစိုက် စစ်အာဏာရှင်တပ်ရဲ့ ခမရ ၁၀၉ တပ်မှာ စစ်မှုထမ်းဖို့ စုဆောင်းထားတဲ့ လူငယ် ၄ ယောက် ထွက်ပြေးသွားတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၅ ရက် ည ၇ နာရီခန့်က ခမရ ၁၀၉ တပ်အတွင်း စစ်မှုထမ်း အပတ်စဉ် ၂၉ အတွက် စုဆောင်းခံထားရတဲ့ လူငယ် ၄ ယောက်ကို တပ်အတွင်း အလုပ်တွေ လုပ်ခိုင်းထားချိန် ထွက်ပြေးသွားတာလို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “ည ၇ နာရီလောက်မှာ ထွက်ပြေးသွားတာလို့ သိရတယ်။ ထွက်ပြေးသွားတဲ့သူတွေက စစ်မှုထမ်းဖို့ စုဆောင်းထားတဲ့ လူငယ်တွေပါ။ ဒီသတင်းကိုတော့ ဖုံးထားတယ်။ တိတ်တဆိတ်ရှာနေတာ” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်မှုထမ်းတပ်သားသစ် ၄ ယောက်ကို ခမရ ၁၀၉ တပ်ရင်းက တပ်အရာရှိတွေနဲ့ ပြည်သူ့စစ်၊ ရဲတွေက လိုက်လံရှာဖွေနေပြီး စက်တင်ဘာ ၁၇ ရက်အထိ ပြန်လည်တွေ့ရှိတာ မရှိသေးဘူးလို့ သိရပါတယ်။
တပ်ကုန်းမြို့နယ်က ဒေသခံတယောက်က “ဒီနေ့အထိ ဖမ်းမမိသေးဘူးလို့ သိရတယ်။ လွတ်လောက်သွားမယ် ထင်တယ်။ အနီးဝန်းကျင်လောက်ပဲ ရှာတာတွေ့ရတယ်” လို့ ပြောပါတယ်။
စစ်မှုထမ်းဖို့ စုဆောင်းထားတဲ့ လူငယ်တွေ ထွက်ပြေးသွားပြီးနောက် ခမရ ၁၀၉ တပ်ကနေ အနီးဝန်းကျင် စစ်ဆေးရေးဂိတ်တွေကိုလည်း သတင်းပို့ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။











