
ဧရာဝတီတိုင်း မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ Grade-5 ကျောင်းသူ အသက် ၁၁ နှစ်အရွယ် မဆောင်းနှင်းဖြူကို နားကပ် လုယက်ဖြုတ်ယူပြီး လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားကို စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
လုယက်လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ ဦးစန်းနိုင် ဆိုသူကို စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းမှာ စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက် ညနေ ၃ နာရီလောက်က မဆောင်းနှင်းဖြူဟာ တရွာတည်းနေ ကျူရှင်ဆရာမ ဒေါ်ခင်မဉ္ဇူရဲ့ နေအိမ်ကို ကျူရှင်တက်ဖို့ သွားခဲ့ပြီး ကျူရှင်ဆင်းချိန် ညနေ ၅ နာရီလောက်အထိ အိမ်ကို ပြန်မရောက်လာတာကြောင့် မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့ကြတာလို့ သိရပါတယ်။
အဲဒီနောက် ည ၈ နာရီလောက်မှာ မဆောင်းနှင်းဖြူကို ပန်းတောကျေးရွာရှိ ရွာလမ်းဘေး ဝါးရုံအောက်မှာ ပက်လက်အနေအထားနဲ့ သေဆုံးလျက်တွေ့ရှိခဲ့ပြီး လည်ပင်းမှာ အဝတ်စည်းထားတာကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ရုပ်အလောင်းကို တွေ့ရှိချိန်မှာ မဆောင်းနှင်းဖြူ ဝတ်ဆင်ထားတဲ့ နားကပ်တရန် ပျောက်ဆုံးနေတဲ့အတွက် နားကပ်လုယက်ပြီး သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ကျူးလွန်သူလို့ ယူဆရတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားကို ဖမ်းဆီးစစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
လုယက်လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ ဦးစန်းနိုင် ဆိုသူကို မအူပင်မြို့နယ် တာတပေါနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ကာ ဆက်လက် စစ်ဆေးနေတယ်လို့ သိရပါတယ်။











