တောင်အာဖရိကနိုင်ငံမှာ အမျိုးသမီး သတ်ခံရမှု ဆက်တိုက်ဖြစ်ပွားပြီးနောက် တောင်အာဖရိကရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က အလောင်းတွေ့ရှိခဲ့ရတဲ့ အမျိုးသမီးတယောက် သေဆုံးမှုနဲ့ပတ်သက်ပြီး လူ ၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
သံသယရှိသူ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို စက်တင်ဘာ ၂၁ ရက်က ဘော့က်စ်ဘတ် မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တာပါ။
စွပ်စွဲခံရသူ အမျိုးသမီး ၂ ယောက်ရဲ့ အထောက်အထားတွေကို ရုပ်သံလွှင့်ထုတ်လွှင့်မှုတွေက လက်ရှိ လုပ်ဆောင်နေဆဲ စုံစမ်းစစ်ဆေးမှုတွေကို ထိခိုက်စေနိုင်တယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီးနောက် ရုံးတော်မှာ သူတို့မျက်နှာတွေကို အုပ်ထားခဲ့ကြပါတယ်။
ရဲလုပ်ငန်းဆိုင်ရာ ဒုတိယ အမျိုးသား ကော်မရှင်နာတီဘယ်လို မိုစီကီလီက သတင်းထောက်တွေကို ပြောကြားရာမှာ စုံစမ်းစစ်ဆေးသူတွေအနေနဲ့ ဖြစ်နိုင်ခြေရှိတဲ့လမ်းကြောင်းအားလုံးကို လိုက်လံစုံစမ်းနေကြပြီး အဲဒီဒေသအတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ချိတ်ဆက်ပတ်သက်နေမှုတွေကို မပယ်ချသေးဘူးလို့ ဆိုပါတယ်။
မိုစီကီလီက “အမှန်တရားပေါ်ပေါက်ဖို့နဲ့ ကျူးလွန်သူအစစ်အမှန်တွေကိုရှာနိုင်ဖို့အတွက် အမှုတခုချင်းစီရဲ့ အချက်အလက်တွေကို သေချာစုံစမ်းစစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။
အဲဒီ အမျိုးသမီးဟာ ၃ ပွင့်ဆိုင် အချစ်ရေးကြောင့် အသတ်ခံရတာ ဖြစ်နိုင်တယ်လို့ မိုစီကီလီက ပြောခဲ့ပေမဲ့ စုံစမ်းစစ်ဆေးမှုတွေကတော့ အစောပိုင်းအဆင့်မှာပဲရှိသေးတယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။
ကွင်းဆက်လူသတ်သမားလား ဒါမှမဟုတ် ဒီလူသတ်မှုတွေအချင်းချင်း ဆက်နွှယ်မှု ရှိ၊ မရှိ အတိအကျ မပြောနိုင်သေးလို့ အဲဒီအချက်ကို အတည်မပြုနိုင်သေးပါဘူးလို့လည်း ဆိုပါတယ်။
ဂျိုဟန်နက်စဘာ့ဂ် မြို့တော်အရှေ့ဘက် အီကူဟူလန်းနီ မှာ ပြီးခဲ့တဲ့ ၂ လအတွင်း အသက် ၂၀၊ ၃၀ ကြားအရွယ် အဝတ်အစားမဲ့၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ လက္ခဏာပါတဲ့ အမျိုးသမီး ၉ ယောက်ရဲ့ အလောင်းတွေကိုတွေ့ရှိခဲ့တာနဲ့ ချိတ်ဆက်မှု ရှိ၊ မရှိ ရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။
တရားခံတွေအပေါ် စွဲဆိုထားတဲ့အမှုကို တရားဝင် အာမခံကြားနာမှုအတွက် အောက်တိုဘာ ၁ ရက်ကို ရွှေ့ဆိုင်းထားပါတယ်။
Source: Reuters











