
ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကို ဆက်သွယ်ထားတဲ့ မအူပင်-တွံတေးကားလမ်းမှာ အောက်တိုဘာ ၂၇ ရက် မွန်းလွဲပိုင်းက စက်ပျက်လို့ ရပ်ထားတဲ့ ကုန်တင်ယာဉ်ကို နောက်ကလာတဲ့ ကုန်တင်ယာဉ်တစီးက ဝင်တိုက်မိခဲ့တာကြောင့် လူတယောက် သေဆုံးပြီး ၂ ယောက် စိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။
မနေ့ မွန်းလွဲ ၂ နာရီခွဲလောက်က တွံတေးမြို့နယ် ရေကျော်လေးကျေးရွာအနီး မအူပင်-တွံတေး ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံက ပြောပါတယ်။
မအူပင်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ၁၈ ပေ DYNA ကုန်တင်ယာဉ်ဟာ စက်ချို့ယွင်းသွားတာကြောင့် လမ်းဘေးမှာ ရပ်တန့်ပြီး ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ယာဉ်ပေါ်ပါသူတယောက်က ကားခေါင်းအောက်ဝင်ပြီး ပြင်ဆင်နေတုန်း မအူပင်ဘက်ကနေ လားရာတူ မောင်းနှင်လာတဲ့ ၁၀ ပေ DYNA ကုန်တင်ယာဉ်တစီးက ရပ်ထားတဲ့ယာဉ်ကို နောက်ကနေ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “ကုန်တင်ယာဉ်တစီး စက်ပျက်လို့ လမ်းဘေးမှာ ရပ်ပြီး ပြင်ဆင်နေချိန် နောက်ကနေ လိုက်လာတဲ့ ကုန်တင်ယာဉ်က ဝင်တိုက်မိခဲ့တာပါ။ ရပ်ထားတဲ့ကားအောက် ဝင်ပြီး ပြင်ဆင်နေသူ သေဆုံးသွားခဲ့တယ်။ နောက်ကနေ ဝင်တိုက်တဲ့ယာဉ်ပေါ်က ၂ ယောက်လည်း စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်” လို့ ပြောပါတယ်။
ယာဉ် ၂ စီးပေါ်မှာ လူ ၄ ယောက် လိုက်ပါလာတာဖြစ်ပြီး တယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ လူမှုကူညီရေး အသင်းတွေနဲ့ တာဝန်ရှိသူတွေက နီးစပ်ရာဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။
လက်ရှိမှာတော့ အဲဒီယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး မအူပင်မြို့နယ်နဲ့ ဆားမလောက်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက ဆက်လက် စုံစမ်းစစ်ဆေးနေပါတယ်။











