
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ကျောင်းရွာအုပ်စု၊ ပန်းတောကျေးရွာမှာ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူကလေးတယောက် ကျူရှင်သွားရင်း သတ်ဖြတ်ခံရပြီး နားကပ်ပါ လုယူခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ကျောင်းရွာကျေးရွာ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ပန်းတောကျေးရွာနေ အသက် ၁၁ နှစ်အရွယ် မဆောင်းနှင်းဖြူ ဖြစ်ပြီး စက်တင်ဘာ ၁၃ ရက် ညနေ ၆ နာရီခွဲလောက်မှာ တရွာတည်းနေ ကျူရှင်ဆရာမ ဒေါ်ခင်မဉ္ဇူရဲ့ နေအိမ်ကို ကျူရှင်တက်ဖို့ ထွက်သွားပြီးနောက် အိမ်ကို ပြန်ရောက်မလာတော့တာ ဖြစ်ပါတယ်။
ကျောင်းသူကလေး အိမ်ပြန်မရောက်လာတာကြောင့် မိဘတွေနဲ့ ဒေသခံတွေက ဝိုင်းဝန်း လိုက်လံရှာဖွေခဲ့ကြပြီးနောက် ကျူရှင်ဆရာမရဲ့ နေအိမ်အနီး လယ်ကွင်းစပ်မှာ လည်ပင်းကို အဝတ်နဲ့ပတ်ထားပြီး သေဆုံးနေတဲ့ မဆောင်းနှင်းဖြူရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၁၃ ရက် ညပိုင်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “အခု ရဲတွေက စစ်ဆေးနေပါတယ်။ သေဆုံးတဲ့ ကလေး ဝတ်ဆင်ထားတဲ့ နားကပ်တရန်လည်း ပျောက်ဆုံးနေတာ ဟုတ်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ Grade-5 ကျောင်းသူကလေး မဆောင်းနှင်းဖြူရဲ့ ရုပ်အလောင်းကို မအူပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။











