
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်အာဏာရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေးငွေ အဆမတန် ထပ်တိုးကောက်ယူနေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
စစ်အာဏာရှင်ခန့် မအူပင်မြို့နယ် အောက်ထုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်က အရင် က စစ်မှုထမ်းကြေး တအိမ် ကျပ် ၁၀,၀၀၀ ကောက်ယူခဲ့တာဖြစ်ပြီး သြဂုတ် ပထမအပတ်က စတင် ပြီး တအိမ် ကျပ် ၃၀,၀၀၀ အထိ စစ်မှုထမ်းကြေး တိုးကောက်နေတာလို့ ဆိုပါတယ်။
ဒေသခံအရပ်သားတယောက်က “အသက်ရှူမချောင်ဘူး။ အုပ်ကြီးက မိုက်မိုက်ကို ပြောဆိုပြီး ပိုက်ဆံကောက်နေတာ။ မပေးရင် ကိုယ့်သားသမီးတွေ စစ်မှုထမ်းစာရင်းထဲ ပါသွားမယ်ပေါ့။ သားသမီးမရှိတဲ့အိမ်တွေက အဖမ်းခံရမယ်ပြော ကောက်နေတာ။ ရှာဖွေ ပေါင်နှံ ရောင်းချ ထည့်နေရတာ” လို့ ပြောပါတယ်။
စစ်အာဏာရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးလှိုင်ရဲ့ အောက်ထုံးကျေးရွာအုပ်စုထဲမှာ အိမ်ထောင်စု ၁,၆၀၄ စု၊ လူနေအိမ်ခြေ ၁,၆၀၄ လုံးရှိပြီး စစ်မှုထမ်းအသက်အရွယ် အမျိုးသား မရှိတဲ့အိမ်တွေပါ ကောက်ယူနေတယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “ကြောက်တော့ ထည့်တဲ့သူတွေချည်းပဲ။ အုပ်ကြီးက ဦးဆောင် ကောက်နေတာ။ ကောက်တဲ့ငွေမပေးတဲ့အိမ်ကို စာရင်းယူပြီး မြို့နယ်ကို တင်ပြလိုက်မယ်လို့ အုပ်ကြီးက ပြောကောက်နေတယ်” လို့ ပြောပါတယ်။
စစ်မှုထမ်းကြေး အဓမ္မတိုးကောက်ယူတဲ့လုပ်ငန်းကို အောက်ထုံးကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူ ရာအိမ်မှူးတွေဖြစ်တဲ့ မြင့်နိုင်၊ ဖိုးဆိတ်၊ ဌေးမြင့်၊ ဝင်းစိုး တို့ပါ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်ဟာ “စစ်မှုထမ်းထောက်ပံ့ကြေး” လို့ ခေါင်းစဉ်တပ်ကာ ရှေ့အပတ်စဉ်တွေက ကောက်ယူထားတဲ့ငွေတွေကို စစ်အာဏာရှင်တပ်ကို တချို့တဝက်ခွဲပေးကာ ကျန်ငွေတွေကို ကိုယ်ကျိုးအတွက်သာ အသုံးပြုပြီး စစ်မှုထမ်းအတွက် လူငယ်တွေကို အဓမ္မဖမ်းဆီး ခေါ်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်ဟာ စစ်မှုထမ်းအကြောင်းပြ ငွေကောက်ယူနေတာအပြင် စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၈ အထိ အရပ်သားလူငယ်တွေကို စစ်အာဏာရှင်တပ်နဲ့ ပူးပေါင်းကာ နေအိမ်တွေအထိ ညဘက်တွေမှာ လိုက်လံဖမ်းဆီးခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။











