
စစ်မှုထမ်း အကျုံးဝင်တဲ့သူတွေကို စစ်အာဏာရှင်လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က လစဉ်ကြေး ကောက်ခံရာမှာ တလကို တကြိမ်မဟုတ်ဘဲ နှစ်ကြိမ်မက ကောက်ခံနေကြောင်း ပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီအခြေအနေတွေက ရန်ကုန်သာမက တိုင်းနဲ့ပြည်နယ် အတော်များများမှာပါ အခုလိုမျိုးတွေ တောင်းခံနေကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မှာ နေထိုင်သူ အမျိုးသမီးတယောက်က “ကျမတို့ဘက်ဆို အိမ်က သားက အခုနေတဲ့ သန်းခေါင်စာရင်းမှာရှိလို့ တောင်းတယ်။ အဲဒါကိုမှ သူက အိမ်ထောင်ခွဲထွက်သွားတာ၊ ရပ်ကွက်က နေတာ အတူတူပဲ၊ မြို့နယ်လည်း အတူတူပဲ၊ အဲဒါကိုမှ သူ ဧည့်စာရင်းနဲ့ နေတဲ့နေရာထိကိုပါ လိုက်တောင်းတာ။ မပေးလို့မရဘူး၊ ပေးကို ပေးရတယ်။ တလကို တသိန်း၊ နှစ်ခါဆို နှစ်သိန်း၊ လတိုင်း အဲ့အတွက်က မဖြစ်မနေကို ဖယ်ပေးနေရတာ” လို့ ပြောပါတယ်။
လစဉ်ကြေးတောင်းခံတဲ့ အခါမှာလည်း တိုင်းနဲ့ ပြည်နယ် မြို့နယ်၊ ကျေးရွာအလိုက် ငွေကြေးပမာဏ ကွာခြားပြီး အခြေခံလူတန်းစားတွေအဖို့ လစဉ်လတိုင်း ဒီငွေကြေးကို ပေးနိုင်ဖို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းက ဒေသခံတယောက်ကလည်း “အခုချိန်က အားလုံး ကျပ်တည်းနေကြတာ။ တခါမက တောင်းခံနေရတော့ ဘယ်လိုအဆင်ပြေမလဲ။ ကျနော်တို့ဘက်က တယောက်ကို ၃ သိန်း၊ တခါတလေမှာ သူတို့က ရန်ပုံငွေဆိုပြီး ခေါင်းစဉ်တပ်ပြီး ငွေတောင်းတာတွေ ရှိသေးတယ်။ စေတနာရှိသလောက် ထည့်လို့မရဘူး။ သူတို့က ဈေးတခုကို ပါးစပ်ကနေ ပြောပြီးသား။ နားလည်ပါးရိုက်လုပ်ပြီး တောင်းတာပေါ့။ မသိရင်တော့ စေတနာရှိသလောက် ရပါတယ်ပေါ့။ တကယ်က ငွေပမာဏက အတိအကျပါပြီးသား” လို့ ပြောပါတယ်။
စစ်အာဏာရှင်အစိုးရကတော့ အဓမ္မငွေကြေးတောင်းခံရင် တိုင်ကြားနိုင်တယ်လို့ ဆိုထားပေမဲ့ လက်တွေ့မှာတော့ ပြည်သူတွေဟာ ပိုပြီး ဒုက္ခရောက်မှာ ကြောက်တဲ့အတွက် တိုင်တန်းတာတွေ မရှိသေလာက်ဘဲလို့ သိရပါတယ်။
ရပ်ကျေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အပတ်စဉ်တိုင်းအတွက် မြို့နယ် ရပ်ကွက်အလိုက် လူဘယ်လောက်ပေးရမလဲ ဆိုတာ အထက်က ခိုင်းပြီးသား။ အဲ့တော့ ဒီကရတဲ့ လစဉ်ကြေးနဲ့ လူလိုက်ဝယ်ရတာပေါ့။ တချို့နေရာမှာ ၇၀ လောက်နဲ့ ဝယ်လို့ရပေမဲ့ တချို့နေရာမှာကျတော့ တရာကျော် ပေါက်ဈေးရှိတယ်။ အဲ့တော့ လူဝယ်နိုင်လောက်တဲ့ အနေအထားထိ ပိုက်ဆံကို လိုက်ကောက်တဲ့သဘော ဖြစ်နေတာ။ ပိုတာရှိရင်တော့ သူတို့ ဘုန်းလိုက်တာပေါ့” လို့ ပြောပါတယ်။
တပ်သားသစ်အစားထိုးဖို့ ရန်ပုံငွေစုဆောင်းရာမှာ ရပ်ကွက်/ကျေးရွာအလိုက် စစ်မှုထမ်းဖို့ မဲပေါက်သူ သို့မဟုတ် သွားရောက်ရမဲ့သူကို ထောက်ပံ့ကြေးပေးဖို့နဲ့ သူတို့ကိုယ်စား လစာပေးပြီး အစားထိုးလဲလှယ်မဲ့သူ ရှာဖွေဖို့အတွက် ရပ်ရွာအတွင်းရှိ အိမ်ထောင်စုတွေထံက လစဉ်ကြေး ကောက်ခံတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ “စစ်မှုမထမ်းလိုပါက လစဉ်ကြေးပေးဆောင်ရမယ်” လို့ တရားဝင်ပြဋ္ဌာန်းထားတာမျိုး မရှိသေးဘဲ စစ်မှုထမ်း အပတ်စဉ်တွေအတွက် တပ်သားသစ်စုဆောင်းရာမှာ မြေပြင်မှာတော့ နည်းလမ်းမျိုးစုံ အကြောင်းပြကာ ငွေကြေးကောက်ခံမှုတွေ ပိုမိုဆိုးရွားလာနေပါတယ်။
တဖက်မှာလည်း အဓမ္မဖမ်းဆီး ပေါ်တာဆွဲကာ လူကုန်ကူးသဖွယ် ရောင်းစားပြီး စစ်မှုထမ်းဖို့ တပ်တွင်းကို ပို့ဆောင်တာတွေလည်း ရှိနေပါတယ်။
အခုဆိုရင် ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ စစ်မှုထမ်း အပတ်စဉ် ၂၈ ထိ ရောက်ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။











