DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုကို ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးရုံး စတင်ကိုင်တွယ်
မောရစ်
·
April 28, 2026
တော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုကို ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးရုံး စတင်ကိုင်တွယ်
Donate to DVB

ရှမ်း-ကယားနယ်စပ် မိုးဗြဲဒေသမှာ ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးအင်အားစုအချင်းချင်းကြား ပစ်ခတ်မှုနဲ့ပတ်သက်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တပ်ပိုင်းဆိုင်ရာအရ ကိုင်တွယ်နေပြီလို့ ပြောပါတယ်။

IEC အတွင်းရေးမှူး ၂ ကိုဗညားခွန်အောင်က “ကျနော်တို့ ဒီမှာ တပ်ပိုင်းဆိုင်ရာ ကျနော်တို့ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီး ရှိပါတယ်။ အဲဒီကိစ္စကို သူတို့လုပ်နေတာရှိတယ်။ အဲဒါကြောင့်မို့ တပ်ပိုင်းဆိုင်ရာကိစ္စကို တပ်ပိုင်းက သက်ဆိုင်တဲ့သူတွေပဲ အခုလောလောဆယ် ညှိနှိုင်းဆွေးနွေး စကားပြောနေကြတာဆိုတော့ အဲဒီလောက်ပဲ ကျနော်တို့ သိထားပါသေးတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ ဖယ်ခုံဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးအဖွဲ့ အချင်းချင်းကြား ပစ်ခတ်မှုအတွင်း မိုးဗြဲ PDF ခေါင်းဆောင်တယောက် အပါအဝင် ရဲဘော်တချို့ ကျဆုံးခဲ့သလို အရပ်သားတယောက်ပါ သေဆုံးခဲ့ရပါတယ်။

ပစ်ခတ်မှုအပြီးမှာတော့ မိုးဗြဲ PDF ရဲ့ အခြေစိုက်စခန်းတခု ထပ်မံစီးနင်းခံရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံခဲ့ရသလို ရဲဘော် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်မှာ မိုးဗြဲ PDF ဘက်က ရဲဘော် ၉ ယောက်အထိ ကျဆုံးခဲ့တယ်လို့ ဆိုပေမဲ့ DVB အနေနဲ့ သေဆုံး ဒဏ်ရာရစာရင်းကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီလို ပဋိပက္ခဖြစ်ပွားရတဲ့ အကြောင်းအရင်းကတော့ အသစ်ဖွဲ့စည်းလိုက်တဲ့ စစ်ဒေသအတွင်းရှိ အဖွဲ့အစည်းတွေ ပေါင်းစည်းရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေနဲ့ နယ်မြေစိုးမိုးရေး အငြင်းပွားမှုတွေအပေါ် အခြေခံတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ပါဝင်တယ်လို့ဆိုတဲ့ အယ်လ်ဖာ (Alpha) အဖွဲ့နဲ့ မိုးဗြဲ PDF နှစ်ဖွဲ့စလုံးကို DVB က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်မှာတော့ ကယန်းပြည်သစ်ပါတီကနေ ကယန်းဒေသအတွင်း ဘယ်လို ဒုစရိုက်လှုပ်ရှားမှုကိုမဆို လုံးဝလက်ခံမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုလို ထုတ်ပြန်ချက်တွေကြောင့် တော်လှန်ရေးအဖွဲ့တွေအကြား ဆက်ဆံရေး ပိုမိုတင်းမာလာနိုင်ဖွယ် ရှိနေပြီး တချို့အဖွဲ့တွေကတော့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ လိုလားနေကြပါတယ်။

တပ်ပေါင်းစုထဲမှာ မပါဝင်သေးတဲ့ တော်လှန်ရေးအဖွဲ့တဖွဲ့ရဲ့ တာဝန်ရှိသူက “အဓိက ပြောချင်တာက ဘယ်သူ မှန်မှန်၊ မှားမှား ပြသနာတခုကို လက်နက်နဲ့ဖြေရှင်းတာက တရားမျှတမှု ကင်းမဲ့ခြင်း ဖြစ်တယ်။ ဒါကြောင့် တရားမျှတမှုပြန်ရအောင် ကျနော်တို့ အဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းပြီးတော့ ကြိုးစားဖို့ သဘောထားရှိပါတယ်။ လက်နက်ကိုင်ထားတဲ့ ဘယ်တပ်မဆို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ဘယ်လုပ်ရပ်ကိုမဆို ကျနော်တို့ ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

အချင်းချင်းကြား ပစ်ခတ်မှုတွေ ဖြစ်နေချိန်မှာ စစ်တပ်ကလည်း မိုးဗြဲ နန်းမယ်ခုံတဝိုက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေသလို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်မှုတွေလည်း ရှိနေပါတယ်။

နန်းမယ်ခုံဒေသခံတယောက်က “အစကတည်းက ဒါမျိုး မဖြစ်သင့်တဲ့အရာပေါ့။ အမှန်က တဖွဲ့နဲ့တဖွဲ့ ပြေပြေလည်လည် ညှိလို့ရမယ်လို့ ထင်ထားတာ။ ဒီလိုမျိုးဆို စစ်ကောင်စီက သူ လိုချင်တဲ့ ဗျူဟာတခု ဖြစ်သွားမယ်။ စစ်ကောင်စီ လိုချင်တဲ့ပုံစံ စစ်ကောင်စီအကြိုက် လုပ်ပေးတဲ့ပုံစံ ဖြစ်သွားတော့ ပိုတောင်ဝမ်းနည်းဖို့ ကောင်းတာပေါ့။ ကိုယ့်အချင်းချင်း စည်းလုံးရမဲ့အချိန်ကို ဒီလို ဖြစ်သွားတာကျတော့ ကျမတို့လူထုက ပိုတောင် လုံခြုံမှုဆိုတာ မရှိတော့ဘူး။ အရင်ကတည်း လုံခြုံမှုအားနည်းနေပါတယ်ဆို၊ အခု အချင်းချင်း အဲဒီလိုထဖြစ်တော့ စိတ်ဓာတ်ကျတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ တော်လှန်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်တာနဲ့ ပတ်သက်လို့ တပ်ပေါင်းစုံ စစ်ဦးစီးရုံးရဲ့ ညှိနှိုင်းမှုနဲ့ စစ်ဆေးဖော်ထုတ်မှုတွေကနေ တရားမျှတတဲ့ရလဒ် ထွက်ပေါ်လာဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

တော်လှန်ရေးအဖွဲ့ အချင်းချင်းကြား ပဋိပက္ခကြောင့် စစ်အာဏာရှင်အကြိုက် ဖြစ်သွားမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013