DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အသံ
လင်းဆက်ငြိမ်းချမ်း
·
October 13, 2026
ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အသံ
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဆိုတဲ့အသံက အာဏာသိမ်းအစိုးရတု မျှော်လင့်ထားသလိုပဲ တိမ်သွားပြန်တယ်။ ဘယ်လောက်ထိ တိမ်သွားသလိုဆို သိပ်မကြာခင်က တောင်းဆိုခဲ့ဖူးတာ ဟုတ်မှဟုတ်ရဲ့လားလို့ ပြန်မေးရတော့မယ့်အထိတိုင်။

၂၀၂၆ ခုနှစ်ထဲက ဧပြီ ၃၀ ရက်၊ ကဆုန်လပြည့်နေ့မှာ ခေါင်းပေါင်းပြောင်းစွပ်စ မင်းအောင်လှိုင်က သဘောထားကြီးချင်ယောင်ဆောင် ဖြားယောင်းမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို မတရားထောင်ဒဏ် နည်းနည်းလျှော့၊ ဘယ်တုန်းက ရိုက်ထားမှန်းမသိတဲ့ ဓာတ်ပုံတပုံ ထုတ်ပြကာ သတ်မှတ်လျှို့ဝှက်နေအိမ်တလုံးဆီ ပြောင်းရွှေ့ထားတယ်လို့ ဆိုတယ်။

အစိုးရတု ထုတ်ပြလိုက်တဲ့ ဓာတ်ပုံက လတ်လတ်ဆတ်ဆတ်ရိုက်ထားတဲ့ ဓာတ်ပုံမဟုတ်တာ သေချာနေတော့ ဒါဆို ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရော ရှိသေးသလားဆိုတဲ့ မေးခွန်းက အကျယ်လောင်ဆုံး ထွက်ပေါ်လာတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်၊ ဒေါ်အောင်ဆန်းစုကြည်ကို တရားမဲ့ထောင်ဒဏ် အပြီးသတ် အမိန့်ချပြီးကတည်းက စစ်အုပ်စု ရည်ရွယ်ချက်ရှိရှိ သတင်းအမှောင်ချခဲ့တာ လုံးဝပျောက်ဆုံးအဆင့် ရောက်ရှိနေသလို မင်းအောင်လှိုင်ရဲ့ ကျင့်ဝတ်သိက္ခာမဲ့ ပါးစပ်ပေါက်ကြီးက ဘာပြောပြော ယုံကြည်စရာမရှိတာကြောင့် သဘာဝကျစွာပဲ မေးခွန်းက ကျယ်လောင်လာခြင်းဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးကြောင်း ခိုင်မာသက်သေပြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ဦးဆောင်တဲ့ Proof of Life ကမ်ပိန်း ပြည်တွင်း၊ ပြည်ပမှာ အားကောင်းမောင်းသန် ထွက်ပေါ်လာတယ်။ Proof of Life ကမ်ပိန်း အရှိန်ကောင်းလာတော့ နိုင်ငံတကာ အသိုက်အဝန်းကလည်း မကြားချင်ယောင်ဆောင်နေလို့ မရတော့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းခြွင်းချက်မရှိ ပြန်လွှတ်ရေး သူတို့လည်း သံပြိုင် ပြင်းထန်။

ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့အသံ ကမ္ဘာနဲ့ချီ ဟိန်းထလာတော့ ကိုယ့်ကိုယ်ကိုယ် ရွေး ကောက်ခံအဖြစ် အသံကောင်းဟစ်နေတဲ့ အစိုးရတုက ဒီအတိုင်းဆက်တင်းခံလို့ မရတော့တာကြောင့် နိုင်ငံတကာအသံကို လေပေါင်လျှော့ရတော့တယ်။

ဩဂုတ် ၃ ရက် မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ် စားလှယ်  Mr. Arnaude de Baqque တို့ သီးခြား တွေ့ဆုံခဲ့တယ်လို့ အာဏာသိမ်းအစိုးရတုက ဓာတ် ပုံ ၄ ပုံနဲ့ လိုတိုရှင်း သတင်းထုတ်တယ်။ ဓာတ်ပုံ ၂ ပုံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံမှု မှတ်တမ်း။ နောက် ၂ ပုံကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိတ်ခွဲနေပုံနဲ့ မွေးနေ့ကိတ်ပုံ။

ICRC ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံခွင့်ရခဲ့ကြောင်း ထုတ်ပြန်ပေမဲ့ မှတ် တမ်းဓာတ်ပုံတော့ မပါ။ ICRC ဘက်က တွေ့ဆုံခွင့်သာရပြီး မှတ်တမ်းဓာတ်ပုံတောင် ရိုက်ခွင့်မရှိဘူးလို့ ထင်ရတယ်။ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကို ICRC စံနှုန်းတွေနဲ့အညီ တွေ့ဆုံမှုဟာ သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်တွေကို မိသားစုတွေနဲ့ သတင်းစကား ဖလှယ်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ကြောင်း တွေ့ဆုံမှုနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို အာဏာသိမ်းအစိုးရတုဆီသို့သာ လျှို့ဝှက်မျှဝေသွားမှာဖြစ်ကြောင်း ICRCရဲ့ ထုတ်ပြန်ချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကိုတောင် အများပြည်သူကို ပြောခွင့်မရှိဘူးလို့ အသိပေးလိုက်ခြင်းလည်း ဖြစ်တယ်။

ကိုယ့်ဘာသာ ဓာတ်ပုံကြည့်ပြီးတော့သာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို မှန်းဆ ကြရတဲ့သဘော။ အစိုးရတုက မတတ်သာလို့ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပြရတာတောင် နိုင်ငံ ရေးထင်ဟပ်မှုမရှိတဲ့ ICRC လို အဖွဲ့အစည်းမျိုးနဲ့သာ တွေ့ဆုံခွင့်ပြုခြင်းက ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားတဦးအဖြစ်သာ သဘောထားကြောင်း ထုတ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုအပြီး ဟလာတဲ့တံခါးကို အရှိန်နဲ့ ဆက်တွန်းဖွင့်နိုင်ရေး၊ အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက အာဆီယံအထူးသံတမန်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ရရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး ဩဂုတ် ၃ ရက်မှာ ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်တယ်။

တစ်ပြီးရင် နှစ် လာတော့မယ်လို့ ကြိုတွေးထားပုံရတဲ့ အစိုးရတုက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးအပေါ် မဖြစ်နိုင်ဘူးလို့ အပြတ်ငြင်းဆိုခဲ့ရုံမက အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဆိုတာလည်း မလိုအပ်တော့ဘူးလို့ ဆိုကာ ဟနေတဲ့တံခါးကို ကြမ်ကြမ်းတမ်းတမ်းပဲ ပြန်ဆွဲပိတ်ပစ်ခဲ့တယ်။

အစိုးရတုရဲ့ ပြတ်သားတဲ့ အဲဒီတုံ့ပြန်ချက် ဩဂုတ် ၈ ရက်ညမှာ ထွက်ပေါ်လာပြီးနောက် ဒေါ် အောင်ဆန်းစုကြည်အရေးဟာလည်း နိုင်ငံတကာအသိုက်အဝန်းကြား အသံထွက်တိမ်သွားခဲ့တာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မင်းအောင်လှိုင်ကိုယ်တိုင် ပြောကြားခဲ့တဲ့ Time မဂ္ဂဇင်းနဲ့ တွေ့ဆုံခန်း ထွက်ပေါ်လာတဲ့ထိတိုင် အတိတ်မေ့သလို ဖြစ်နေကြတယ်။

တိုင်းမ်မဂ္ဂဇင်းနဲ့ တွေ့ဆုံခန်းမှာ မင်းအောင်လှိုင်က ထုံးစံမပျက် ရွတ်မြဲဖြစ်တဲ့ မဲမသမာမှု လုပ်လို့ အရေးယူတယ်။ ထပ်ပြီး အဂတိလိုက်စားမှုတွေ ပေါ်လာတယ်။ အရေးယူစရာ အများကြီး ကျန်သေးပေမဲ့ အသက်အရွယ်နဲ့ စေတနာစိတ်အရ သက်ညှာလိုက်တာလို့တောင် ဆိုလိုက်သေး တယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လွတ်ငြိမ်းခွင့်နဲ့ပတ်သက်ပြီး “သူ့ရဲ့လုပ်ဆောင် ချက်တွေအပေါ် မူတည်ပြီးတော့ လျှော့ပေါ့စဉ်းစားမဲ့ အချက်တွေပေါ်လာလို့ ရှိရင်လည်း ကျ နော်တို့ စဉ်းစားမှာပါ။ ဒါလည်း သူမအပေါ်မူတည်မယ်လို့ ကျနော်တို့က ပြောချင်ပါတယ်” လို့ မင်း အောင်လှိုင်က ဆက်ပြောတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး လျှော့ပေါ့စဉ်းစားမယ်ဆိုတာ ဘာကို ရည်ညွှန်းတာပါလဲ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်နဲ့ စစ် အာဏာသိမ်းမှုကို ပြည့်ဖုံးကားချဖို့၊ အစိုးရတုကို အသိအမှတ်ပြုဖို့၊ နိုင်ငံရေးကနေ လုံးဝအနားယူဖို့။ ဒါကို ချုပ်ရရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခြွင်းချက်မရှိ လက်နက်ချမှ ခြွင်းချက်မရှိ လွှတ်ပေးမယ်ဆိုတဲ့သဘော။ 

မင်းအောင်လှိုင်ရဲ့ အဲဒီသဘောထားက အာဏာသိမ်းစဉ်ကတည်းက အခိုင်အမာဆုပ်ကိုင်ထားတဲ့ မူလလက်ဟောင်း။ မင်းအောင်လှိုင်ရဲ့ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအပေါ် တောင်းဆို ချက်ကလည်း သူတို့ကို ရွေးကောက်ခံအစိုးရအဖြစ် ခြွင်းချက်မရှိ အသိအမှတ်ပြုရေးဆိုတာပဲ။

မင်းအောင်လှိုင် ဘာ့ကြောင့် ဒီလောက်တောင် မောက်မာနေရတာလဲ။ နိုင်ငံတကာအသိုက်အဝန်းဆီကနေ အခုထက် ပိုပြင်းတဲ့ အရေးယူမှုတွေ ရောက်မလာနိုင်တော့ဘူးလို့ ယုံကြည်နေတာကြောင့်ပါပဲ။

လူသတ်ကောင် မင်းအောင်လှိုင်က သင်္ကြန်အမြောက်တွေကို မကြောက်တာ ဘယ်ဆန်းမလဲ။

လင်းဆက်ငြိမ်းချမ်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013