DVB Logo
Home
နိုင်ငံတကာ
သိပ္ပံပြပွဲကနေ မဟာဗျူဟာပြပွဲဖြစ်လာသည့် တရုတ် စက်ရုပ်အိုလံပစ်
DVB
·
August 24, 2026
Photo: Reuters
Photo: Reuters
Donate to DVB

နာမည်အပြည့်အစုံက “ကမ္ဘာ့လူတူစက်ရုပ်အားကစားပွဲတော်” ဖြစ်ပေမဲ့ “စက်ရုပ်အိုလံပစ်” လို့ ပိုပြီး လူသိများပါတယ်။

လူသားအိုလံပစ်နဲ့ မတူတာကတော့ ဒီပွဲမှာ တရုတ်အသင်းတွေက ဆုတံဆိပ်အားလုံးနီးပါးကို သိမ်းပိုက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တရုတ်ရဲ့ စက်ရုပ်ပြိုင်ပွဲတွေဟာ ကျောင်းသားတွေရဲ့ သိပ္ပံစမ်းသပ်ပွဲကနေ နိုင်ငံရဲ့ မဟာဗျူဟာမြောက် နည်းပညာစွမ်းရည်ကို ပြသတဲ့ ပွဲကြီးအဖြစ် ပြောင်းလဲလာပါတယ်။

၁၉၉၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ပြိုင်ပွဲဝင်အများစုက တက္ကသိုလ်အသင်းတွေဖြစ်ပြီး ဘီးတပ်စက်ရုပ်အသေးတွေ ဘောလုံးကစားတာလို ရိုးရှင်းတဲ့ နည်းပညာတွေကို အဓိက စမ်းသပ်ခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ်မှာ သမ္မတ ရှီကျင့်ဖျင်က စက်ရုပ်နည်းပညာကို အဆင့်မြင့်ကုန်ထုတ်လုပ်မှုရဲ့ “သရဖူပေါ်က ကျောက်မျက်” လို့ သတ်မှတ်ခဲ့ပါတယ်။

နောက်တနှစ်မှာ ပေကျင်းက ပထမဆုံး World Robot Conference ကို ကျင်းပပြီး စက်ရုပ်လုပ်ငန်းကို နိုင်ငံအဆင့် ဦးစားပေးကဏ္ဍအဖြစ် မြှင့်တင်လာပါတယ်။

၂၀၂၃ ခုနှစ်ရောက်တော့ စက်ရုပ်ပြပွဲတွေဟာ ကုမ္ပဏီကြီးတွေရဲ့ စျေးကွက်ပြိုင်ပွဲလည်း ဖြစ်လာပါတယ်။

Xiaomi ရဲ့ CyberDog စက်ရုပ်ခွေးဟာ အမေရိကန်ဒေါ်လာ ၁,၅၀၀ ဝန်းကျင်သာရှိချိန်မှာ Boston Dynamics ရဲ့ Spot စက်ရုပ်က အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ကျော် ရှိတာကြောင့် တရုတ်ရဲ့ စျေးနှုန်းအားသာချက်ကို ပိုပြီး ထင်ရှားစေခဲ့ပါတယ်။

တိုးတက်မှု အမြန်ဆုံး မြင်ရတာကတော့ ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်တွေ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ပေကျင်း လူတူစက်ရုပ် မာရသွန်တဝက်ပြိုင်ပွဲမှာ တချို့စက်ရုပ်တွေ စတင်တဲ့နေရာမှာပဲ လဲကျခဲ့သလို တချို့က လမ်းဘေးအကာအရံတွေကို ဝင်တိုက်ခဲ့ပါတယ်။

ဒါပေမဲ့ တနှစ်အကြာမှာ Unitree H1 စက်ရုပ်ဟာ လူကလိုက်ကူစရာမလိုဘဲ ပန်းတိုင်အထိ သူ့ဘာသာ ပြေးနိုင်ခဲ့ပါတယ်။

၂၀၂၆ ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ စက်ရုပ်အသင်း ၁၀၀ ကျော်ထဲက ၄၇ သင်း ပန်းဝင်နိုင်ခဲ့ပါတယ်။

ပိုပြီး အံ့အားသင့်စရာက Honor ရဲ့ “Flash” လူတူစက်ရုပ် ဖြစ်ပါတယ်။ မာရသွန်တဝက်ကို လူက ထိန်းချုပ်စရာမလိုဘဲ မိနစ် ၅၀ နဲ့ ၂၆ စက္ကန့်အတွင်း ပြေးနိုင်ခဲ့ပြီး အဲဒီအချိန်က လူသားကမ္ဘာ့စံချိန်ထက်တောင် ၇ မိနစ်နီးပါး ပိုမြန်ခဲ့ပါတယ်။

ဒီလို အရှိန်မြန်မြန် တိုးတက်လာတာဟာ အစိုးရထောက်ပံ့ငွေ၊ သုတေသနအတွက် အခွန်လျှော့ပေးမှု၊ စက်ရုပ်အစိတ်အပိုင်းဈေးနှုန်း ကျဆင်းလာမှုနဲ့ တရုတ်ရဲ့ အားကောင်းလာတဲ့ ထုတ်လုပ်ရေးကွင်းဆက်ကြောင့်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

၂၀၂၆ World Humanoid Robot Games မှာတော့ ပြိုင်ပွဲတွေက ပြေးတာ၊ ဘောလုံးကစားတာတွေအပြင်  လက်တွေ့အလုပ်ခွင်သုံး စွမ်းရည်တွေကို စမ်းသပ်လာပါတယ်။

စက်ရုပ်တွေဟာ ဝက်အူတင်းအောင်လှည့်တာ၊ ပုလင်းဖွင့်တာနဲ့ ပုတီးစေ့အသေးတွေကို ဇာဂနာနဲ့ ကောက်ယူတာလို တိကျမှုမြင့်တဲ့ လုပ်ငန်းတွေကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လူတယောက်လို ထိတွေ့ခံစားပြီး တိတိကျကျ ကိုင်တွယ်နိုင်တဲ့ စက်ရုပ်လက် တည်ဆောက်တာဟာ လူတူစက်ရုပ်နည်းပညာမှာ အခက်ခဲဆုံး စိန်ခေါ်မှုတခု ဖြစ်ပါတယ်။

ဒါကြောင့် တရုတ်ရဲ့ “စက်ရုပ်အိုလံပစ်” ဟာ ဖျော်ဖြေရေးပြိုင်ပွဲတခု မဟုတ်တော့ပါဘူး။ တရုတ်စက်ရုပ်တွေဟာ ပြပွဲမှာသာ အထင်ကြီးစရာကောင်းတာလား၊ ဒါမှမဟုတ် စက်ရုံနဲ့ နေ့စဉ်ဘဝမှာ တကယ်အလုပ်လုပ်နိုင်ပြီလားဆိုတာ သက်သေပြရမဲ့ မဟာဗျူဟာစမ်းသပ်ကွင်း ဖြစ်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013