မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက လီဗာပူးအသင်းကို အဝေးကွင်းမှာ ကိုင်ဟားဗာတ်စ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ (၁-၀) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒါဟာဂန်းနားတို့အတွက် ၁၄ နှစ်အတွင်း လီဗာပူးရဲ့ အန်းဖီးလ်မှာ ပထမဆုံးအကြိမ် အနိုင်ရရှိကာ ပရီးမီးယားလိဂ် ဇယားထိပ်သို့ ရောက်ရှိသွားစေတာဖြစ်ပြီး အဆင့် ၅ နေရာက လီဗာပူးကို ၉ မှတ် ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်း ပွဲချိန် ၁၆ မိနစ်မှာပဲ ဒီကလန်ရိုက်စ်ရဲ့ တဖက်အသင်းဂိုးဧရိယာအတွင်း နိမ့်နိမ့်ထိုးပေးလိုက်တဲ့ ဖြတ်တင်ဘောကနေတဆင့် ကိုင်ဟားဗာတ်စ်က အာဆင်နယ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။
မီခေးလ် အာတေတာနဲ့ သူ၏ အာဆင်နယ်ကစားသမားများဟာ ပွဲသိမ်းခရာမှုတ်ချိန်မှာ အရေးပါသော အနိုင်ပွဲကို ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံခဲ့ကြပါတယ်။
အာဆင်နယ် နည်းပြအာတေတာက "အန်းဖီးလ်မှာ အနိုင်ရရှိတာဟာ နည်းပြတယောက်အနေနဲ့ ပိုပြီးတော့ကြည်နူးစရာ ခံစားရပါတယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ အချိန် တော်တော်ကြာခဲ့ပြီမို့လို့ပါ။ ကျနော်တို့ ဒါကို တကယ်လိုအပ်ခဲ့တာပါ။ အထူးသဖြင့် ဖလိဝုဒ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ ကြောင့် ပိုလို့တောင် ဂုဏ်ယူမိပါတယ်။ ကျနော်တို့ ပြန်လည် ရုန်းထွက်ခဲ့ရတာပါ ။ ဒါဟာ ကျနော်တို့ ၁၄ နှစ်ကြာ မလုပ်နိုင်ခဲ့တဲ့ ရည်မှန်းချက် ဖြစ်ပါတယ်" လို့ပြောပါတယ်။
ဒီပွဲမှာ ခံစစ်နဲ့ တိုက်စစ်အားပြိုင်ခဲ့ရပြီး အာဆင်နယ်အသင်းဟာ ပွဲချိန် အတော်များများမှာ လီဗာပူးလ်ရဲ့ တိုက်စစ်ဆင်မှုတွေကို ရာနှုန်းပြည့်နီးပါး ရဟန့်တားခဲ့ရတာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ လီဗာပူးလ်ရဲ့ လျင်မြန်တဲ့ တိုက်စစ်နဲ့ မြင့်မားတဲ့ ဖိအားပေးမှုတွေကြောင့် အာဆင်နယ်အသင်း ဆက်တိုက်ဆိုသလို ဖိအားအောက် ရောက်ခဲ့ရပါတယ်။
အာဆင်နယ်ဘက်ကို လီဗာပူးအသင်းက ဂိုးကန်သွင်းမှု ၁၇ ကြိမ်အထိ ပြုလုပ်ခဲ့ကာ တိုက်စစ်ဖန်တီးမှု ကောင်းမွန်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်းမကောင်းတဲ့အတွက် ချေပဂိုး ဂိုးမရခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ ယူရီယန်တင်းဘားက အလက်ဇန္ဒား အိုက်ဆက်စ်ရဲ့အင်္ကျီကို ဆွဲခဲ့တာကို ဒိုင်တွေက သတိမပြုမိခဲ့မိတာကြောင့် လီဗာပူးအသင်း ပင်နယ်တီရမဲ့ အခွင့်ရေးလက်လွှတ်ခဲ့ရပါတယ်။
လီဗာပူး နည်းပြ အန်ဒိုနီအီရာအိုလာက "အဲလက်စ်အိုက်ဆက်စ်ရဲ့ ဖြစ်စဉ်က ရှင်းရှင်းလင်းလင်း ပင်နယ်တီပါ။ အင်္ကျီကို ဆွဲထားတာကို ကျနော်တို့ အားလုံး မြင်တွေ့ရပါတယ်။ ဘောလုံးက အဲလက်စ်ရဲ့ ရှေ့ အနည်းငယ်လေးမှာပဲ ရှိနေတာပါ”လို့ ပြောပါတယ်။
ဒီရှုံးပွဲဟာ လီဗားပူးအတွက် ဒီရာသီ ဒုတိယမြောက် ရှုံးပွဲဖြစ်ပြီး ဒီရှုံးပွဲကြောင့် လီဗာပူးလ်အသင်းဟာ ချန်ပီယံဆုစိန်ခေါ်ပွဲမှာ အနည်းငယ် အလှမ်းဝေးသွားခဲ့ရပါတယ်။
Source: SKY Sports/ BBC Sport











