
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ထဲမှာ ဩဂုတ် ၂၀ ရက်ကစတင်ဖြစ်ပွားခဲ့တဲ့ ၆ ရက်ကြာ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် သေဆုံးကာ ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် (USBA) ဆီကနေ သိရပါတယ်။
ဗမာပြည်ကာကွယ်ရေးတပ် (USBA) ပြန်ကြားရေးတာ၀န်ခံ ကိုသာချိုက “ပုသိမ်- မုံရွာလမ်းပိုင်းမှာ မင်းတုန်းဘက်ကနေ မင်းလှမြို့နယ် ရှမ်းတပ်ရဲစခန်းဘက်ကို ဦးတည်ပြီး အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ၂၀ ရက်နေ့ကနေ ၂၃ ရက်အထိ ၃ ရက်ဆက်တိုက် ဖြစ်ခဲ့တဲ့တိုက်ပွဲတွေထဲမှာ ၂၀ ကျော်သေပြီး ၃၀ လောက်ဒဏ်ရာရလို့ ဆေးရုံပို့လိုက်ရတယ်။ အဲဒီမှာ သူတို့စစ်ကြောင်းပျက်ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်းမျိုးစုံနဲ့ ပစ်ကူပေးပြီး ကျောက်တိုင် အထိုင်စခန်းထိ နောက်ပြန်ဆုတ်ပြေးသွားကြတာပါ”လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲတွေထဲကနေ စစ်တပ်လက်အောက်ခံတွေဆီက ဖောကား ၁ စီး၊ မီးစက် ၁ လုံးနဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
သြဂုတ် ၂၄ ရက်မှာတော့ မင်းတုန်းဘက်ကနေ အင်အားတွေ ထပ်မံဖြည့်တင်းကာ ထပ်မံစစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့တာလို့လည်း ဆိုပါတယ်။
ဗမာပြည်ကာကွယ်ရေးတပ် (USBA) ရဲ့ တာဝန်ရှိသူက “ဖွဲ့စည်းပုံပျက်ပြီး ကျောက်တိုင် အထိုင်စခန်းထဲ ရောက်နေတဲ့ စစ်ကြောင်းကို ၂၄ ရက်နေ့မှာ မင်းတုန်းဘက်ကနေ အင်အား ၂၀၀ လောက် ထပ်ဖြည့်ပြီး ဆက်ထွက်လာလို့ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပါသေးတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားကနေ ကျောက်တိုင်အထိုင်စခန်းကနေ ၈ မိုင်လောက်ဝေးတဲ့ ရှမ်းတပ်ရဲစခန်းထဲကို အခု ၂၆ ရက်နေ့မှာ ဝင်သွားတယ်။ အခု ၃ ရက်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာတော့ သူတို့ဘက်က ထိခိုက် သေဆုံးကို မသိရသေးဘူး။ စစ်ကြောင်းဖြတ်လာတဲ့ လမ်းတလျှောက်က ရွာတွေက ပြည်သူတွေ ကြောက်လန့်ထွက်ပြေးကြတာကို သူတို့ဘက်က အခွင့်ကောင်းယူပြီး အိမ်တွေထဲကို ဝင်မွှေပြီး တန်ဖိုးကြီးပစ္စည်းတွေ ခိုးသွားကြသေးတယ်။ ၂၄ ရက်ကလည်း သူတို့ဘက်က ရမ်းပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဥယျဉ်ပုရွာက သီလရှင်ဆရာလေးတပါး ခေါင်းကို ဗုံးစထိလို့ ဆေးရုံပို့ထားရတယ်”လို့ DVB ကို ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းဟာ အချိန်မရွေး စစ်ကြောင်းလှုပ်ရှားတာတွေ ပြုလုပ်လာနိုင်တဲ့အပြင် လေကြောင်းပစ်ကူတွေလည်း ရောက်ရှိလာနိုင်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံစေဖို့အတွက် စစ်ရေးသတင်းတွေကို အမြဲနားစွင့်ပြီး သတိနဲ့ နေထိုင်ကြဖို့လည်း ဗမာပြည်ကာကွယ်ရေးတပ် (USBA) တိုက်တွန်းထားပါတယ်။











