
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာအနားမှာ ရထား ၂ စင်း တိုက်မိလို့ လူ ၁၄ ယောက် သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ဧပြီ ၂၈ ရက်မှာ ထုတ်ပြန် ပါတယ်။
ကယ်ဆယ်ရေးလုပ်သားတွေကလည်း အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ခရီးသည်တွေကို ကယ်ဆယ်ဖို့ ဆက်ကြိုးစားနေပါတယ်။
ဂျကာတာနဲ့ ကပ်လျက်ရှိတဲ့ ဘေကာစီမြို့က ရထားဘူတာမှာ တနင်္လာနေ့ည နှောင်းပိုင်းမှာ ခရီးသည် တင်ရထားနဲ့ အဝေးပြေးရထားတို့ တိုက်မိခဲ့တာလို့ ခရီးသည်တင်ရထားလုပ်ငန်းရဲ့ ပြောရေးဆိုခွင့် ရှိသူ ကာရီနာ အာမန်ဒါက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အနောက်အင်ဒိုနီးရှား စံတော်ချိန် မနက် ၀၈ နာရီ ၄၅ မိနစ်အထိ နောက်ဆုံးရ အချက်အလက် တွေအရ လူ ၁၄ ယောက် သေဆုံးတယ်လို့ အတည်ပြုထားကြောင်း နိုင်ငံပိုင် KAI ရထားကုမ္ပဏီက အင်္ဂါနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုပါတယ်။
နောက်ထပ် လူ ၈၄ ယောက် ဆေးရုံတက်ရောက် ကုသခဲ့ရတယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။
အရေးပေါ်ဝန်ထမ်းတွေက အပျက်အစီးတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ အခင်းဖြစ်တဲ့ နေရာမှာ တက်တက်ကြွကြွ လုပ်နေကြတယ်လို့ အင်ဒိုနီးရှား အမျိုးသားရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အေဂျင်စီ (BASARNAS) ရဲ့ အကြီးအကဲ မိုဟာမက် ဆယာဖီးက ပြောခဲ့ပါတယ်။
အလုပ်လုပ်နေတဲ့ နေရာကျဉ်းကျပ်မှုနဲ့ ရထားတွဲတွေ အပြင်းအထန် ပျက်စီးမှုကြောင့် ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းချက်တွေ ရှုပ်ထွေးနေတယ်လို့ ဒေသခံသတင်းဌာန Kompas.com က ထုတ်ပြန်ပါတယ်။
Source: Reuters










