
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ရွာကို နိုဝင်ဘာ ၆ ရက် နေ့ခင်းပိုင်းမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ရွာကိုမီးရှို့သွားတယ်လို့ သိရပါတယ်။
စစ်ကြောင်းဟာ ပုလဲမြို့ကနေ သနပ်မြှောင်ရွာကို ဖြတ်လာပြီး ကျိုင်းခမောက်ရွာကို ဝင်ရောက်ကာ လူနေအိမ်တွေကို အကြောင်းမဲ့ မီးရှို့သွားတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “သူတို့က ပုလဲမြို့ကနေ ကျနော်တို မုံရွာ-ကျားတက်-ပုလဲသွား ကားလမ်းမပေါ်က အချက်အချာကျတဲ့ ကျားတက်ရွာကို အထိုင်ချချင်လို့ စစ်ကြောင်းထိုးလာတာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရတယ်။ အဲရွာမှာ ပြည်သူ့ကာကွယ်ရေးတွေဘက်က သူတို့ထက်အရင် လက်ဦးမှုရယူပြီး ကြိုတင်နေရာယူစောင့်နေတာကို သိလို့ထင်တယ်။ အဲရွာဘက်ကို မသွားဘဲ ကျနော်တို့ ရွာဘက်ကို စစ်ကြောင်းထိုးလာပြီး ရွာအနောက်ပိုင်းက လူနေအိမ် တွေကို အကြောင်းမဲ့ မီးရှို့သွားတာ” လို့ ပြောပါတယ်။
စစ်တပ်က မီးရှို့လို့ ကျိုင်းခမောက်ရွာအနောက်ပိုင်းက နေအိမ် ၅၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ခေါင်းဆောင်တယောက်က “အဲဒီ ပုလဲဘက်က တက်လာတဲ့ စကမစစ်ကြောင်းနဲ့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲမဖြစ်ဘူး။ ဟို ယင်းမာပင်မြို့ကနေ ကျနော် ဆားလင်းကြီးဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကတော့ (ယင်းမာပင်မြို့နယ်) လယ်ငေါက်ရွာအနီးမှာ ခဏ ပစ်ခတ်မှုဖြစ်လိုက်သေးတယ်။ သူတို့ အဲလို တိုက်ပွဲဖြစ်ပြီး (ပုလဲမြို့နယ်) သရက်ရွာဘက်ကို စစ်ကြောင်းပြန်ခေါက်သွားတယ်။ စစ်ကြောင်းကလည်း ရွာကို အကြောင်းမဲ့မီးရှို့ပြီး ပုလဲမြို့အတွင်းကို နေ့ခင်းပိုင်းကတည်းက ပြန်ဝင်သွားတာ။ မီးလောင်ဆုံးရှုံးရတဲ့ အိမ်အသေးစိတ်ကတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ယင်းမာပင်ခရိုင်က ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်ကို မြေပြင်စစ်ကြောင်းထိုးပြီး ဆက်သွယ်ရေးအရ အချက်အချာကျတဲ့ လမ်းပိုင်းတွေနဲ့ နယ်မြေပြန်လည်စိုးမိုးနိုင်ဖို့ စစ်ကြောင်းတွေ ဖြန့်ထိုးနေတာကြောင့် အဲဒီမြို့နယ်တွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။











