
ရေကြီးရေလျှံဖြစ်နေတဲ့ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ စက်လှေမှောက်ပြီး အမျိုးသမီးတယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
သြဂုတ် ၁၁ ရက် မနက် ၉ နာရီခွဲခန့်က မြောက်ကိုင်းကျေးရွာဘက်ကနေ ရေဘေးဒုက္ခသည်တွေ စီးလာတဲ့ စက်လှေတစီးဟာ သံလမ်းအနီးမှာ တိမ်းမှောက်ပြီး စက်လှေပေါ်ပါလာတဲ့သူတွေထဲက တယောက် ရေနစ်မြုပ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူက “သေဆုံးသူက အမျိုးသမီးပါ။ ရေဘေးရှောင်ဖို့ စက်လှေ မောင်းလာရင်း တိမ်းမှောက် နစ်မြုပ်သွားတာ။ ရေမွန်း သတိလစ်နေတဲ့ တယောက်လည်း အရေးပေါ် ဆေးရုံပို့ထားရတယ်” လို့ ပြောပါတယ်။
တိမ်းမှောက်တဲ့ စက်လှေပေါ်မှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၂ ယောက်၊ ကလေးတယောက် အားလုံး ၆ ယောက် လိုက်ပါလာပြီး အမျိုးသမီးတယောက် သေဆုံးခဲ့ကာ ကျန်တဲ့ ၅ ယောက်ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးသတ်ဦးစီးဌာန တာဝန်ရှိသူတယောက်က “ရေကြီးရေလျှံနေချိန်မှာ မြစ်တွေ၊ ချောင်းတွေကို အထူးသတိထား ဖြတ်သန်းသွားလာကြဖို့ ပြောချင်တယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်ဖို့ ဌာနကို ဆက်သွယ်ပေးကြပါ” လို့ ပြောပါတယ်။
လတ်တလော မန္တလေးတိုင်းထဲက စဉ့်ကိုင်မြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ဒဏ်ကြောင့် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်လာပြီး ဧည့်ပြ၊ တံတားဦးလေး၊ ကျွန်းဦး၊ စိတ္တရ၊ မြောက်ကိုင်း၊ ဆယ့်နှစ်ကိုင်း၊ သာယာကျွန်း စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာအများအပြား ရေကြီးရေလျှံ ဖြစ်နေပါတယ်။
ဩဂုတ် ၈ ရက်က စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေးတိုင်းထဲက မိုးကုတ်၊ မတ္တရာ၊ ဝမ်းတွင်းနဲ့ စဉ့်ကိုင်မြို့နယ်တွေမှာ ရေကြီးရေလျှံပြီး အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။











