
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ခရီးသွားပြည်သူတွေ လိုက်ပါလာတဲ့ စက်လှေတစင်း ဩဂုတ် ၃၀ ရက် ည ၉ နာရီကျော်လောက်မှာ တိမ်းမှောက်လို့ ကျောင်းဆရာတယောက် ပျောက်ဆုံး နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရသေ့တောင်မြို့နယ် အိုးဖောက်ကျေးရွာမှ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း(ရခိုင်)ကျေးရွာကို ခရီးသည် ၁၀ ယောက်လိုက်ပါသွားတဲ့ စက်လှေနစ်မြုပ်ခဲ့လို့ ကျောင်းဆရာ ဦးစိုးမိုးကျော် ပျောက်ဆုံးနေတာလို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“ကာဒီ(မူစလင်)ကျေးရွာအနီး ချောင်းကွေ့မှာ မှောက်တာပါ။ အဲဒီနေရာက ညောင်ချောင်းနဲ့လည်း မဝေးတော့ဘူး၊ ရေနစ်သူတွေက အော်တဲ့အသံကြောင့် ဘေးကကျေးရွာသားတွေ စက်လှေတွေနဲ့ ကယ်လို့ ၉ ယောက် အသက်ရှင်တယ်။ ဆရာတယောက် ပျောက်နေတယ်။”
အဲဒီစက်လှေဟာ ရေစီးသန်မှု၊ လှိုင်းထန်မှုကြောင့် တိမ်းမှောက်ခဲ့ရတာလို့ ဒေသခံက ပြောပါတယ်။
"စက်လှေပိုင်ရှင်က အရက်သောက်ထားတော့မူးနေတယ်။ တကယ်တမ်းရေလှိုင်း အခက်အခဲကြုံတဲ့ အခါ မတတ်နိုင်တော့ဘူး။ အဲဒီနေရာက အကွေ့ဆိုတော့ လှိုင်းဆုံတယ်။ စက်လှေထဲသို့ ရေဝင်ပြီး တိမ်းမှောက်သွားတာ။”
ကာဒီကျေးရွာသားတွေက အော်ခေါ်ပြီး အကူအညီတောင်းခံတာ ကြားရတဲ့အတွက် စက်လှေတွေ နဲ့ အမြန်ဆုံးသွားရောက်ကယ်ဆယ်ခဲ့ရာ လှေပိုင်ရှင်နဲ့ ခရီးသည် ၉ ယောက်တို့ကို ကယ်တင်နိုင်ခဲ့ ပါတယ်။
ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်း (ရခိုင်) ကျေးရွာစာသင်ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ ဦးစိုးမိုးကျော်ဟာ ရေထဲနစ်မြုပ်တာ ၄ ရက် ကြာတဲ့အထိ ရှာမတွေ့နိုင်သေးဘူးလို့ ကူညီရှာဖွေသူနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
အခုလို စက်လှေတိမ်းမှောက်စဉ် အရက်သေစာသောက်စားပြီးမောင်နှင်လာခဲ့တဲ့ စက်လှေပိုင်ရှင်ကို ဒီလပ်ဌာနက ဖမ်းဆီးထားပြီး အဓိက ကူညီကယ်ဆယ်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်နှင့် အောင်ပ (မူစလင်) ဇာတိ ကျေးရွာသား ၆ ယောက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တယောက်လျှင် ကျပ် ၂ သိန်းနဲ့ စုစုပေါင်း ကျပ် ၁၂ သိန်း ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ ပါတယ်။











