
ထိုင်းနိုင်ငံမှာ အွန်လိုင်းကနေ ဖျော်ဖြေပွဲလက်မှတ်တွေ လိမ်လည်ရောင်းချခဲ့တဲ့ ဂိုဏ်းဝင် ၇ ယောက် ကို အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဗဟိုဌာန (AOSC) နဲ့ ဗဟိုစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ (CIB) တို့ ပူးပေါင်းပြီး ဖမ်းဆီးလိုက်တယ်လို့ Khaosod သတင်းမှာဖော်ပြပါတယ်။
အဆိုပါ ဂိုဏ်းသားတွေဟာ X (တွစ်တာ) အကောင့်ပေါင်း ၃၅၀ ကျော်ကို အသုံးပြုကာ ဖျော်ဖြေပွဲ လက်မှတ်အတုတွေ လိမ်လည်ရောင်းချခဲ့ကြပြီး၊ သားကောင်ဖြစ်ရသူ ပေါင်း ၁,၀၀၀ နီးပါးရှိကာ ဘတ်ငွေ ၄ သန်းခန့် ( ဒေါ်လာ ၁၂၁, ၆၉၉ ) ဖိုး ဆုံးရှုံးနစ်နာခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့အဖွဲ့ဟာ ငွေလိမ်ဖို့အတွက် GOT7 နဲ့ BLACKPINK တို့လို ကေပေါ့ပ်အဖွဲ့တွေ ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်တဲ့ ONE OK ROCK နဲ့ ဒန်နီယယ် စီဇာတို့ရဲ့ ဖျော်ဖြေပွဲတွေအပြင် နာမည်ကြီး ထိုင်းအနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲတွေကိုလည်း လိမ်လည်ရာမှာ အသုံးချခဲ့ကြတာပါ။
ဖမ်းဆီးခံရသူတယောက်ဖြစ်တဲ့ သန်ယာလပ်ဆိုတဲ့ထိုင်းအမျိုးသမီးက သူ့ကို ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ဘဏ်အကောင့်တွေထဲကနေ ငွေထုတ်ပေးဖို့ သူငယ်ချင်းတွေက စည်းရုံးခဲ့တာလို့ စစ်ဆေးမေးမြန်းစဉ်အတွင်း ဝင်ခံသွားပါတယ်။
အဲဒီငွေတွေဟာ တရားဝင် စီးပွားရေးလုပ်ငန်းတွေကရတဲ့ ငွေတွေလို့ ပြောခဲ့ပြီး ငွေထုတ်ပြီးတိုင်း လက်ရောက်ပြန်အပ်ဖို့ ညွှန်ကြားခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဘဏ်အကောင့်တွေ ပိတ်ပင်ခံရပြီး X အကောင့်ပေါ်က လက်မှတ်အရောင်းအဝယ်တွေမှာ လိမ်လည် ခံရကြောင်း အလိမ်ခံရသူတွေက တိုင်ချက်ဖွင့်လာကြတဲ့အခါမှသာ ဒီအဖွဲ့ဟာ ဖျော်ဖြေပွဲလက်မှတ် လိမ်လည်ရောင်းချနေတာကို သိရှိခဲ့ရကြောင်း စုံစမ်းစစ်ဆေးသူတွေကို သူက ပြောပြခဲ့ပါတယ်။
သူဟာ ဘတ် ၂ သိန်းကျော် ပါဝင်ပတ်သက်နေတဲ့ ငွေသားထုတ်ယူမှုပေါင်း ၅၀ ကျော်ကို လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
တခြားတရားခံတယောက်ဖြစ်တဲ့ ရတ်တနာကွန်းကတော့ သူတို့အဖွဲ့ဟာ လူကြိုက်များပြီး ဝယ်လိုအားမြင့်မားတဲ့ ဖျော်ဖြေပွဲတွေနဲ့ အခမ်းအနားတွေကို အမြဲစောင့်ကြည့်လေ့ရှိပြီး X ပေါ်က တရားဝင်ရောင်းချသူတွေ တင်ထားတဲ့ လက်မှတ်ဝယ်ယူမှုအတည်ပြုချက်နဲ့ အီလက်ထရွန်နစ် လက်မှတ် (e-ticket) ပုံရိပ်တွေကို ကော်ပီ လုပ်ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ပုံတွေထဲက ဝယ်ယူသူအမည်တွေနဲ့ ထိုင်ခုံနံပါတ်တွေကို ပြောင်းလဲကာ သူတို့အဖွဲ့ရဲ့ ကိုယ်ပိုင် Watermark (ရေစာ) တွေကို ထည့်သွင်းပြီး အစစ်အမှန်အတိုင်း ထင်ယောင် ထင်မှား ဖြစ်အောင် ပြုပြင်ပြီးမှ အွန်လိုင်းပေါ် ပြန်တင်လေ့ရှိတယ်လို့ စစ်ဆေးသူတွေကို ပြောကြား ခဲ့ပါတယ်။
ဒါ့အပြင် လိမ်လည်မှုတွေမှာ သုံးဖို့အတွက် Follower ၂,၀၀၀ ကျော်ရှိတဲ့ X အကောင့်တွေကို ရှာဖွေဝယ်ယူခဲ့ကြောင်းလည်း သူက ဝင်ခံပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ရှောင်တိမ်းနိုင်ဖို့အတွက် လိမ်လည်မှုတခု လုပ်ပြီးတိုင်း အကောင့်အမည်တွေနဲ့ User ID တွေကို ခဏခဏ ပြောင်းလဲခဲ့ကြတာပါ။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အဆိုပါအဖွဲ့ဟာ သူတပါးရဲ့ ဘဏ်အကောင့် (အငှားအကောင့်) တွေကို ရယူခဲ့ကြပြီး အကောင့်ပိုင်ရှင်တွေရဲ့ မှတ်ပုံတင်ကတ်ပြား ဓာတ်ပုံတွေပေါ်မှာ "ဖျော်ဖြေပွဲ လက်မှတ်ရောင်းချရန်အတွက်သာ" ဆိုတဲ့ စာသားကို ဓာတ်ပုံပြုပြင်ရေးဆော့ဖ်ဝဲနဲ့ ထည့်သွင်းကာ ယုံကြည်စိတ်ချရတဲ့ပုံစံမျိုး ဖြစ်အောင် လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်မှတ်ဝယ်သူတွေက ငွေလွှဲလိုက်ပြီဆိုတာနဲ့ အဲဒီငွေတွေကို အကောင့်ပေါင်းများစွာဆီ အလျင်အမြန် လွှဲပြောင်းပစ်ပြီးမှ ငွေထုတ်ယူကာ အဖွဲ့ဝင်တွေအကြား ခွဲဝေယူကြတာ ဖြစ်ပါတယ်။
သူတို့ကို နည်းပညာမှုခင်းနှိမ်နင်းရေးဌာနခွဲ (TCSD)၊ မှုခင်းနှိမ်နင်းရေးဌာနခွဲ (CSD) နဲ့ ဟွေ့ခွမ် ရဲစခန်းတို့က ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်း ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာပါ။
ဒီလိမ်လည်မှုလုပ်ငန်းစဉ်ဟာ ၂၀၂၄ ခုနှစ် နှောင်းပိုင်းကတည်းက စတင်လှုပ်ရှားခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ယူဆထားပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ သံသယရှိသူ ၇ ယောက်စလုံးကို ဆက်လက်အရေးယူနိုင်ဖို့အတွက် နည်းပညာမှုခင်းနှိမ်နင်းရေးဌာနခွဲ (TCSD) ဌာနခွဲ ၂ ရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေထံ လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Khaosod











