
မယ်လီအီရန်ဘဏ်၊ စာဒဲရတ် အီရန်ဘဏ်နဲ့ တေဂျာရတ်ဘဏ် အပါအဝင် အီရန်နိုင်ငံပိုင်ဘဏ်ကြီး ၄ ခုဟာ ဇွန် ၁၃ ရက်က ဆိုက်ဘာတိုက်ခိုက်ခံရလို့ စနစ်တွေ ပြတ်တောက်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် ဘဏ်တွေရဲ့ ညှိနှိုင်းရေး ကော်မတီက ပြောပါတယ်။
ထိခိုက်ခံရတဲ့ ဘဏ်တွေက ဖောက်သည်တွေဟာ မိုဘိုင်းနဲ့ အွန်လိုင်းဘဏ်လုပ်ငန်း၊ အလိုအလျောက် ငွေထုတ်စက် (ATM)တွေ၊ ရောင်းချရာနေရာ (POS) စက်တွေနဲ့ ကတ်ဝန်ဆောင်မှု တချို့ ပြတ်တောက်ခဲ့တယ်လို့ သတင်းပို့ခဲ့ကြပါတယ်။
အသေးစိတ်နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုအရ အကန့်အသတ် ရှိတဲ့ ဆိုက်ဘာ တိုက်ခိုက်မှု ကြောင့် ပြတ်တောက်ခဲ့တာလို့ အတည်ပြုခဲ့ပါတယ်။
ဘဏ်တွေက သူတို့ရဲ့ နည်းပညာအဖွဲ့တွေဟာ ဖောက်သည်ဒေတာနဲ့ ဘဏ်လုပ်ငန်းအခြေခံ အဆောက်အအုံတွေကို ကာကွယ်ဖို့ ပုံမှန်မဟုတ်တဲ့ အချက်အလက်တွေကို တွေ့တာနဲ့ ကြိုတင် ကာကွယ်ခဲ့တယ်လို့ ပြောပါတယ်။
အီရန်နိုင်ငံပိုင် ဘဏ်တွေရဲ့ ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ကာတာစီက လိုအပ်တဲ့ပြုပြင်မှုတွေ လုပ်ထားပြီးပြီလို့ စနေနေ့မှာ ပြောပါတယ်။
အခုအချိန်အထိ ခွင့်ပြုချက် မရှိဘဲ ဖောက်သည်ဒေတာတွေကို ဝင်ကြည့်ခံရတာ မရှိသေးသလို ဒေတာချိုးဖောက်မှုလည်း မရှိသေးဘူးလို့ အစီရင်ခံ ထားပါတယ်။
Source:Reuters










