ဥရောပကော်မရှင် ဆိုက်ဘာတိုက်ခိုက်ခံရ

ဥရောပကော်မရှင်ဟာ ဆိုက်ဘာတိုက်ခိုက်မှုတခုကို ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုကြောင့် ကိုယ်ရေး ကိုယ်တာ အချက်အလက် အများအပြား ပေါက်ကြားသွားနိုင်ခြေရှိတယ်လို့ Politico သတင်းဌာနက နိုဝင်ဘာ ၁၉ ရက်မှာ ဖော်ပြပါတယ်။
ဥရောပကော်မရှင် အနေနဲ့ တိုက်ခိုက်မှုအများစုကို ထိန်းချုပ်နိုင်ပြီလို့ ယူဆထားပေမဲ့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာ အပြည့်အစုံကိုတော့ မသိရသေးဘူးလို့ EU အရာရှိတယောက်ကို ကိုးကားပြီး Politico က ရေးသားပါတယ်။
ကြာသပတေးနေ့ မနက်ပိုင်းမှာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ဥရောပကော်မရှင်ဘက်က ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။
၁၀ ရက်လောက် ကြာမြင့်ခဲ့တဲ့ အဲဒီနှောင့်ယှက်မှုကာလအတွင်း လစာ စာရွက်တွေနဲ့ အလုပ်ချိန် စီမံခန့်ခွဲမှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် (HR) စနစ်တွေ၊ ဆေးကုသစရိတ် ပြန်လည် ထုတ်ယူနိုင် တဲ့စနစ် အပါအဝင် စနစ်အများအပြားကို အသုံးပြုလို့မရအောင် (offline) ပြုလုပ်ထား ခဲ့ရကြောင်း Politico က ဆိုပါတယ်။
တွေ့ရှိခဲ့ရတဲ့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဥရောပကော်မရှင်အနေနဲ့ လိုအပ်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ထားပြီး ဖြစ်သလို စနစ်တခုချင်းစီကို ပစ်မှတ်ထား တိုက်ခိုက်ခံရတာ ဖြစ်တဲ့အတွက် ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို အသိပေး အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ သောမတ်စ် ရက်ဂ်နီယာက သတင်းဌာနကို ပြောပါတယ်။
ဒီဆိုက်ဘာဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အရေးပေါ် ဆွေးနွေးဖို့အတွက် ဥရောပကော်မရှင်ဟာ သူတို့ရဲ့ အမြင့်ဆုံးအဆင့် အတွင်းပိုင်း အကျပ်အတည်း စီမံခန့်ခွဲရေးအဖွဲ့ကို ခေါ်ယူတွေ့ဆုံခဲ့သလို နည်းပညာဆိုင်ရာကော်မရှင်နာမင်းကြီး ဟန်နာ ဗာကူနန်ကလည်း ဗုဒ္ဓဟူးနေ့မှာ တခြားကော်မရှင် နာမင်းကြီးတွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြောပါတယ်။
Source: Reuters











