
ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသုံးပြုမှု ယာယီ ရပ်ဆိုင်း ထားခဲ့ရတဲ့ ဂျာမန်စစ်တပ်သုံး Quantum Systems ဒရုန်းတွေဟာ အခု ပြန်လည် ပျံသန်းနေပြီ ဖြစ်ကြောင်း ဂျာမန်ဒရုန်းထုတ်လုပ်ရေး ကုမ္ပဏီ က နိုဝင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
အောက်တိုဘာလကုန်ပိုင်းက ဆိုက်ဘာလုံခြုံရေး ဖြစ်စဉ်တခုကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ Quantum Systems ကုမ္ပဏီက နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
ကုမ္ပဏီဝက်ဘ်ဆိုက် ကြေညာချက်အရ ဌာနတွင်း စုံစမ်းစစ်ဆေးမှုမှာ "ရန်လိုတဲ့ အဖွဲ့အစည်းတွေ ဘက်က ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တာ" ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အဲဒီခြိမ်းခြောက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး "Quantum Systems ရဲ့ မောင်းသူမဲ့ စနစ်တွေကို သုံးစွဲရာမှာ အန္တရာယ်မရှိတော့ဘူး" လို့ ကုမ္ပဏီက ပြောပါတယ်။
ဒီဖြစ်စဉ်ကို ပြည်နယ်အာဏာပိုင်တွေအပြင် ပြင်ပနဲ့ ဌာနတွင်း ဆိုက်ဘာကျွမ်းကျင်သူတွေက စုံစမ်း စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအပြီးမှာ ဂျာမန်စစ်တပ်ဟာ Quantum Systems ဒရုန်းတွေ အသုံးပြုမှုကို ရပ်ဆိုင်းထားခဲ့တယ်လို့ Financial Times သတင်းစာက နိုဝင်ဘာ ၁၂ ရက်က ဖော်ပြပါတယ်။
ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူကတော့ "ဂျာမနီနိုင်ငံနဲ့ ဂျာမန်စစ်တပ် အပါအဝင် ကမ္ဘာတဝန်းက ဒရုန်းအုပ်စု အားလုံး ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပါပြီ" လို့ အီးမေးလ်ကတဆင့် ပြောပါတယ်။
ဂျာမန်စစ်တပ် တခုတည်းကသာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စနစ်တွေကို ရပ်ဆိုင်းထားခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
Quantum Systems ကုမ္ပဏီဟာ ဂျာမနီနိုင်ငံရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ယူကရိန်းအတွက် ကြားဖြတ်ဟန့်တားရေး ဒရုန်းတွေကို ထုတ်လုပ်ပေးနေပြီး၊ တချို့စနစ်တွေကိုတော့ ယူကရိန်းနိုင်ငံ အတွင်းမှာပဲ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ပြီးနောက်ပိုင်း အလျင်အမြန် ဖြန့်ကျက် အသုံးပြုနိုင်တဲ့ ဒရုန်းတွေနဲ့ အလိုအလျောက် လည်ပတ်နိုင်တဲ့ စနစ်တွေအတွက် ဝယ်လိုအား သိသိသာသာ မြင့်တက်လာခဲ့တာကြောင့် Quantum Systems လို ကုမ္ပဏီတွေ အတွက် အကျိုးအမြတ် ဖြစ်ထွန်းစေခဲ့ပါတယ်။
Source: Reuters











